28 C
Yangon

စစ်တပ်မဲဝိုင်စခန်းအတွက် ရိက္ခာနှင့်လက်နက်ခဲယမ်းများ လေယာဉ်ဖြင့် လာကျဲချမှု KNU တပ်မဟာ ၅ က ကြားဖြတ်တိုက်၊ စစ်လေယာဉ်များကို ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို KNU က သိမ်းယူ

Must read

ရန်ကုန်၊ မတ် ၃၁

KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိနေသော စစ်ကောင်စီတပ်စခန်းဖြစ်သော မဲဝိုင်စခန်းသို့ စစ်လေယာဉ်များဖြင့် ရိက္ခာနှင့်လက်နက်ခဲယမ်း လာကျဲချရာတွင် KNU က စစ်တပ်လေယာဉ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်ပြီး ကျဲချသည့် ရိက္ခာနှင့်လက်နက်များကို ယူဆောင်လိုက်ကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းတစ်ခုဖြစ်သည့် မယ်ဝေ (မဲဝိုင်) ရှေ့တန်းစခန်းအဖို့ စစ်လေယာဉ်၄ စီးက လက်နက်ခဲယမ်းများနှင့် ဝတ္ထုပစ္စည်းများ ကျဲချရန် လာရောက်ကြောင်း၊ ပထမ လေယာဉ် ၁ စီးက အထုပ်များ ကျဲချိန်တွင် KNU တပ်များက စောင့်ဆိုင်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ထိုကဲ့သို့ပစ်ခတ်မှုဖြစ်ပွားချိန် အခြားစစ်လေယဉ် ၃ စီးက လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့် ပစ်ခတ်ရာ မဲဝိုင် ရွာခံ နော်မစိန် အသက်(၁၈)နှစ်၊ စောသေးဝါး၊ အသက်(၁၈)နှစ်နှင့် ဝေါတေးရွာသား စောယေထူး၊ အသက်(၃၈)နှစ်မတို့ အသီးသီးထိခိုက်ဒဏ်ရာရရှိသွားကြောင်း၊ စောဖားဘော၏အိမ်သည်လည်း လေယာဉ်ဗုံးကျည် ထိမှန်မီးစွဲလောင်ကာ အိမ်နှင့်အတူ အိမ်သုံးပစ္စည်းပရိဘောဂများအားလုံး ပြာကျသွားကြောင်း သိရှိရသည်။

KNU တပ်မဟာ ၅ မှ တပ်များက စစ်ကောင်စီက ကျဲချသွားသည့် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများအားလုံး ရယူသိမ်းဆည်းကာ သယ်ဆောင်နိုင်စွမ်းမရှိသည့်ရိက္ခာပစ္စည်းများမှာမူ ချက်ချင်းမီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

မတ်လ ၃၀ ရက်နေ့တွင်မူ ဖွေးပူးလူးဒေသအတွင်း လမ်းကင်းယူနေသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတစ်ကြိမ်၊ ကမမို(ကမမောင်း)ဘက်မှတက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဘောကျိုထာတွင်တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် ပစ်ခတ်ခဲ့ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း၊ စာရင်းအတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင်မတ်လ(၃၀)ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့၏ခါးပိုက်ဆောင် BGFတပ်ဖွဲ့ဝင်များမှလုံခြုံရေးအကြောင်းပြကာ ဖာပွန်-ထွီသီးအူ(ခွေးသေ)အကြား လမ်းကင်းဝပ်စဉ် အနီးအနားရှိကျေးရွာများအတွင်းသို့ လက်နက်ကြီး ၃၀ လုံးခန့် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article