သထုံမြို့နယ်ရှိ ကျုံမှိန်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ နေအိမ်များ ပျက်စီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၀
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျုံမှိန်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး သေဆုံးကာ နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ ညပိုင်း၌ သထုံမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ ခမရ ၂၀၆ ၊ အမတ ၄၀၂ အင်းရှည်နှင့် အမတ ၄၀၂ တိုင် တရာတပ်တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျုံမှိန်ကျေးရွာနှင့် ရွာပတ်ဝန်းကျင်ကို လက်နက်ကြီး ၂၇ လုံးပစ်ချခဲ့ရာ ၂၃ လုံးပေါက်ကွဲ ပြီးကျေးရွာအတွင်း ၄ လုံး ပေါက်ကွဲခဲ့ကာ အသက် ၂၆ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး နော်ဖေတမော သေဆုံးပြီး အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကျန်ရှိခဲ့ကြောင်းသိရသည်။
“ကိုယ်ဝန်ဆောင် အမျိုးသမီး အသက် ၂၆ နှစ်အရွယ် နော်ဖောတမောမှာ ၃ နှစ်အရွယ် ကလေးတစ်ဦး ကျန်ခဲ့ပါသေးတယ်။ ဆုံးတာကတော့ ပွဲချင်းပြီး ဆုံးတာပါ။ တစ်ကိုယ်လုံး သွေးတွေ ရွှဲနစ်ပြီး ဆုံးပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။