ကံပေါက်ဒေသတွင် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွား
ရန်ကုန်၊ ဒီဇင်ဘာ ၂၂
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အကြမ်းဖက် စစ်တပ်က တစ်ပတ်အတွင်း ပြည်သူ ၆ ဦးကို နေအိမ်များ၌ အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရစ်မြစ်များထံမှ သိရသည်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ လှည်းကုန်း ၂ ရပ်ကွက်တွင် နေထိုင်သည့် မနီနီရှိန်နှင့် ညီမဖြစ်သူ မမော်မော်ရှိန်တို့ကို အကြမ်းဖက် စစ်တပ်က အိမ်စီးကားဖြင့် အကြောင်းမဲ့ လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က အိမ်စီးကားများ အသုံးပြု၍ နေအိမ်အထိ လိုက်လံဖမ်းဆီးခြင်းကို ပြီးခဲ့သည့်နှစ် သပိတ်ကာလ နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပြန်လည်လုပ်ဆောင်လာခြင်း ဖြစ်ကြာင်း၊ ယခင်က ကံပေါက်ဒေသတွင် ပြည်သူများကို ဖမ်းဆီးသည့်အချိန်မှာ မောရဝတီရေတပ်စခန်းက စစ်ကားများနှင့် ညပိုင်းတွင်သာ ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်သည် ဒီဇင်ဘာလ ၁၇ ရက်နေ့ ညပိုင်းကလည်း ကံပေါက်ဒေသရှိ အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ၎င်းတို့၏ နေအိမ်များတွင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
ဒီဇင်ဘာ ၂၁ ရက်နေ့နှင့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဖမ်းဆီးခံရသူများအားလုံး၏ လက်ကိုင်ဖုန်းများကိုလည်း အကြမ်းဖက်စစ်သားများက သိမ်းယူသွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ဖမ်းဆီးထားသူအားလုံးကို မောရဝတီရေတပ်စခန်းဌာနချုပ်တွင် ဖမ်းဆီးထားပြီး လက်ရှိအချိန်ထိ တစ်ဦးမှ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးသွားသူများမှာ စျေးဆိုင်ဖွင့်ထားသူများ၊ ယာဥ်မောင်းများနှင့် သာမန်ပြည်သူများသာဖြစ်ပြီး မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရှိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
(The Tanintharyi Times သတင်းဌာနသည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)