ထားဝယ်မြို့ပေါ်တွင် တစ်ပတ်အတွင်းဖမ်းဆီးခံရသူ ၁၀ ဦးဝန်းကျင်ရှိလာပြီး ပလမြို့တွင် ဆန်စက်ပိုင်ရှင်မိသားစုဝင် ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး
ရန်ကုန်၊ ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်မှာ အခုတစ်ပတ်အတွင်း အဖမ်းခံရသူတွေ ခပ်စိပ်စိပ်ရှိလာနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က ညသန်းခေါင်အချိန်မှာ ဘုမ္မော်ရပ်ကွက်ထဲကို စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရပ်ကွက်အရှေ့ပိုင်းမှာနေထိုင်တဲ့ လူငယ်အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ဧည့်စာရင်းစစ်တာမျိုးမဟုတ်ဘူး။ လမ်းကိုကားနဲ့ပိတ်ချပြီးမှ အိမ်ကိုဝိုင်းပြီးဖမ်းသွားတာ” လို့ ဘုမ္မော်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်နေ့ညနေပိုင်းကတော့ ထားဝယ်ကမ်းနားလမ်းမှာရှိတဲ့ စားသောက်ဆိုင်တခုမှာရှိနေတဲ့အမျိုးသား ၃ ဦးကိုစစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးပြီး ဆိုင်ကယ်တွေကိုလည်းသိမ်းယူသွားတယ်လို့ မြို့ခံတွေကဆိုပါတယ်။
အဲဒီမတိုင်ခင် ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းကလည်း ကျောက်မော်ရွာက အမျိုးသမီးတဦးကို စစ်ကောင်စီတပ်သားတွေက နေအိမ်မှာလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါတယ်။
အဲဒီအမျိုးသမီးကိုတော့ ဖုန်းထဲကနေ Wave Pay၊ K pay တို့နဲ့ ငွေလွှဲတဲ့ကိစ္စကြောင့် လာဖမ်းတာဆိုပြီး ကြားရတယ်လို့ ကျောက်မော်ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။
ဒီဇင်ဘာလ ၁၈ ရက်ဝန်းကျင်မှာလည်း ငွေလွှဲတဲ့ကိစ္စကြောင့် ဖမ်းဆီးသွားသူ ၃ ဦးရှိတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“အခုက အဖမ်းခံရရင်လူမသိဘူး။ ဖမ်းတာတော့ဖမ်းနေတာပဲ။ မိသားစုကလည်း မပြောရဲကြတော့ သတင်းမထွက်လာဘူးပေါ့” လို့ အဲဒီ မြို့ခံက ဆိုပါတယ်။
အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာလည်း ဘုမ္မော်ရွာထဲမှာ စစ်ကောင်စီတပ်သားတွေကားနှစ်စီးနဲ့ကင်းလှည်သွားလာနေပြီး ဖမ်းဆီးမှုတချို့လည်းပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ လမ်းပိတ်ပြီးစစ်ဆေးတာတွေနဲ့ ကင်းလှည့်တာတွေကိုလည်း ထားဝယ်မြို့ပေါ်မှာ စစ်အာဏာသိမ်းပြီးအချိန်ကတည်းက လက်ရှိအချိန်ထိ နေ့ရောညပါလုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ထားဝယ်ခရိုင်ထဲက ကံပေါက်ဒေသမှာလည်း တစ်ပတ်အတွင်း အမျိုးသမီးငါးဦးနဲ့ အမျိုးသားတစ်ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပါတယ်။
ဒါ့အပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့က ဆန်စက်ပိုင်ရှင်မိသားစုဝင် လေးဦးကို စစ်ကောင်စီတပ်က နေအိမ်မှာ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလမြို့ အမှတ်(၄)ရပ်ကွက်နေ အသက် ၆၀ ဝန်းကျင်အရွယ် ဦးသာအိ၊ သမီးဖြစ်သူ ဒေါ်ချိုဇင်မြတ်၊ သားမက်ဖြစ်သူ ကိုနေဇော်အောင်၊ မြေးဖြစ်သူ ကိုသားငယ်တို့ကို မနေ့က ညနေ ၅ နာရီလောက်က အဖမ်းခံခဲ့ရတာပါ။
ဖမ်းဆီးခံရတဲ့မိသားစုဟာ လယ်လုပ်ငန်းကိုအဓိကလုပ်ကိုင်ပြီး ကိုယ်ပိုင်ဆန်စက်နဲ့ ဆန်အရောင်းအဝယ်လုပ်တာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်ကတည်းက လုပ်ကိုင်လာကြသူတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ မိသားစုဝင်တွေကို ဖမ်းဆီးတာအပြင် မြိတ်-ထားဝယ်ပြေးဆွဲနေတဲ့ ခရီးသည်တင် အံစာတုံးကားတစ်စီးကိုပါ သိမ်းယူသွားတယ်လို့ သိရပါတယ်။
“လက်ပံပြင်ဘက်ကို ဆန်ရောင်းလို့အဖမ်းခံရတယ်ကြားတယ်။ သူတို့အိမ်က စီးပွားရေးအဆင်ပြေနေတော့ တောင်းစားဖို့သက်သက်ဖမ်းတာလည်းဖြစ်နိုင်တယ်။ တိတိကျကျကြီးတော့ မသိဘူး။” လို့ ပလဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
လက်ပံပြင်ရွာဟာ KNU ထိန်းချုပ်နယ်မြေဖြစ်ပြီး နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့စစ်ဘေးရှောင်ပြည်သူတွေရှိတဲ့နေရာလည်းဖြစ်တယ်လို့ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးဆီက ပြောပါတယ်။
ဆန်စက်ပိုင်ရှင်မိသားစုဝင်လေးဦးကို ပလမြို့ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကဆိုပါတယ်။ စစ်ဘေးရှောင်ပြည်သူတွေနဲ့ လွတ်မြောက်နယ်မြေဘက်ကို ဆန်ရောင်းတယ်ဆိုတဲ့ သံသယနဲ့ ပလမြို့ ဆန်စက်ပိုင်ရှင်တွေကို ဖမ်းဆီးစစ်ဆေးတာတွေက အရင်ကလည်း ရှိဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် မန္တလေးတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို စစ်တပ်က ဖြိုခွင်းနေစဉ်။ Photo- AP။
(တနင်္သာရီတိုင်းမ်သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)
