29 C
Yangon

မြောက်ဦးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်ထားရှိသည့် မြောက်ဦးပြတိုက် ပျက်စီး

Must read

မြောက်ဦးမြို့တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်ထားရှိသည့် မြောက်ဦးပြတိုက် ပျက်စီး

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရခိုင်ရှေးဟောင်း အမွေအနှစ်ထားရှိသည့် မြောက်ဦးပြတိုက် ပျက်စီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ ၅၄၀ တပ်နှင့် ၃၇၇ တပ်တို့က ပစ်ခတ်လိုက်သော လက်နက်ကြီးများသည် လူနေအိမ်များနှင့် ရှေးဟောင်းအမွေအနှစ်များ ထားရှိရာ ယဉ်ကျေးမှုပြတိုက်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်နေသူတစ်ဦးက ” ကျောက်စာတိုင်တွေထားတဲ့နေရာမှာကျတယ်။ အပျက်အစီးအတိကျကိုတော့ သေချာကြည့်ပြီးမှ သိရမယ်။ လက်နက်ကြီးထိတယ်ဆိုတော့ ပျက်စီးတာတွေတော့ရှိမှာပဲ။ ဒါကတော့ စိတ်မကောင်းစရာပေါ့ ” ဟုပြောသည်။

မြောက်ဦးယဥ်ကျေးမှုပြတိုက်မှာ ကျောက်စာတိုင်များနှင့် တခြားရှေးဟောင်းယဥ်ကျေးမှု ဆိုင်ရာရုပ် ပစ္စည်းများထားရှိသည့် ပြတိုက်တစ်ခုဖြစ်ပြီး မြောက်ဦးရှေးဟောင်း အမွေနှစ် ဆိုင်ရာအရေးပါသည့် နေရာတစ်ခုလည်း ဖြစ်သည်။

လက်ရှိ နှစ်ဖက်တိုက်ပွဲများဖြစ်နေသည့် မြောက်ဦးတွင် ရှေးဟောင်းယဥ်ကျေးမှုပြတိုက်အပြင် လူနေအိမ်များ၊ ဒေသခံများမှာ စစ်ကောင်စီမှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးခြင်း၊ ပျက်စီးခြင်းတို့ရှိနေသည်။

ယဥ်ကျေးမှုအမွေအနှစ်များ ပျက်စီးမှုရှိလာခြင်းအပေါ် မြောက်ဦးမြို့ခံတစ်ဦးက စိုးရိမ်မိကြောင်းဆိုသည်။

“လက်နက်ကြီးက တိုက်ပွဲဖြစ်တဲ့ ဧရိယာကို ပစ်နေတာ မဟုတ်တော့ဘူး။ လူနေအိမ်တွေ၊ အဆောက်အအုံတွေကိုပဲ လာကျတယ်။ အခု ပြတိုက်မှာကျပြီး တခြားအမွေအနှစ်တွေကို မထိလာဘူးလို့လည်း မပြောနိုင်တော့ဘူး။ ဒီအတိုင်း လက်နက်ကြီးတွေ ထပ်ပစ်နေရင်တော့ မြို့အတွက် တော်တော်စိုးရိမ်စရာပါ” ဟု ပြောသည်။

မြောက်ဦးမြို့တွင်ရှိသည့် ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာ့အမွေအနှစ်စာရင်း ယူနက်စကို ဝင်ရေးအတွက် အဆိုပြုချက် တင်သွင်းထားသော အမွေအနှစ်များဖြစ်ပြီး တိုက်ပွဲများကြောင့် အမွေအနှစ်များအားလုံး ပျက်စီးပျောက်ကွယ်သွားနိုင်ကြောင်း သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသော မြို့ထဲ လူနေရပ်ကွက်များကို စစ်ကောင်စီတပ်ရင်းများမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးပြီး ၆ ဦးထက်မနည်းမှာ ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိသွားသည်။

ယင်းအပြင် အောင်မင်္ဂလာရပ်ကွက်နှင့် ဗန္ဓုလရပ်ကွက်တို့က ဒေသခံ အရပ်သား ၉ ဦးကိုလည်း လူသားဒိုင်းကာအဖြစ် စစ်ကောင်စီတပ်သားများက ခေါ်ယူသွားပြီး ယနေ့အချိန်အထိ ပြန်လည်လွှတ်ပေးခြင်းနှင့် မိသားစုဝင်များမှာ လုံးဝ အဆက်အသွယ်မရသေးကြောင်း သိရသည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက်ဖြစ်သည်)

ပုံစာ-မြောက်ဦးယဥ်ကျေးမှုပြတိုက်မှာ ကျောက်စာတိုင်များနှင့် တခြားရှေးဟောင်းယဥ်ကျေးမှု ဆိုင်ရာရုပ် ပစ္စည်းများ ပျက်စီးနေသည့် မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article