ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထား
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ပျူစောထီး ၆၀ ဦး အရှင်ဖမ်းမိကာ စစ်သုံ့ပန်း မူဝါဒများနှင့် အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ရွှေဘိုမြို့နယ် မြင်းချင်းပျူရွာကို ရွှေဘိုခရိုင်အမှတ် – ၂၆ တပ်ရင်း (MDF – Shwebo)၊ ရွှေဘိုခရိုင်အမှတ် – ၁၅ တပ်ရင်း၊ ရွှေဘိုခရိုင်အမှတ် – ၁၇ တပ်ရင်းနှင့် ရွှေဘိုခရိုင် အမှတ် – ၁၈ တပ်ရင်းတို့က ပူးပေါင်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး နယ်မြေ ပကဖများက အကြမ်းဖက် စစ်တပ် ထောက်ပို့ လမ်းကြောင်းများကို ပိတ်ဆို့ဖြတ်တောက်ရေး တာဝန်ယူကာ ပူးပေါင်းပါဝင်ပေးခဲ့ကြောင်း သိရသည်။
မြင်းချင်းရွာကို ဝင်ရောက် တိုက်ခိုက်မှုအတွင်း ရဲများနှင့် ပျူစောထီးများ ပူးပေါင်းကာ တပ်စွဲထားသော ကင်း ၂ ကင်းနှင့် ဘန်ကာကို တိုက်ပွဲချိန် ၁ နာရီခန့်အကြာတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ စစ်စခန်းချ နေထိုင်လျက်ရှိသော စာသင်ကျောင်းကို ယင်းနေ့ နံနက် ၅ နာရီခန့်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ကာ ပြည်သူ့ကာကွယ်ရေး တပ်မတော်၏ အလံတော်ကို လွှင့်ထူနိုင်ခဲ့ကြောင်း၊ ယင်း ထိတွေ့ တိုက်ပွဲအတွင်း ဇီးကုန်း ပျူစောထီးရွာမှလည်း ၈၁ မမ ၈ ချက်နှင့် RPG ၂ ချက် ပစ်ကူပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မြင်းချင်း ပျူစောထီးရွာကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲ ၁ ဦးနှင့် ပျူစောထီးလက်နက်ကိုင် ၂ ဦးသေဆုံးခဲ့ပြီး လက်နက် ၆ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်သုံ့ပန်း ပျူစောထီး ကျား ၂၉ ဦးနှင့် မ ၃၁ ဦးတို့ကို စစ်သုံ့ပန်း မူဝါဒနှင့်အညီ ထိန်းသိမ်းထားပြီး အတင်းအဓမ္မ ပျူစောထီးအဖြစ် စုဆောင်းခံရသူများနှင့် အရပ်သားပြည်သူများကို စနစ်တကျ စိစစ် ခွဲခြား၍ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရွှေဘိုခရိုင် အမှတ် ၂၆ တပ်ရင်း (MDF – Shwebo) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။