28 C
Yangon

ညောင်လေးပင်ခရိုင်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး သေဆုံး

Must read

ညောင်လေးပင်ခရိုင်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး သေဆုံး

■ စစ်ဘေးရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် (ခလယ်လွီထူ) ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်တပ်က ကျေးရွာများကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်းကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ပြီး နတ်သံကွင်းမြို့ရှိ အကြမ်းဖက် စစ်တပ်စခန်းများကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျှက်ရှိပြီး တိုက်ပွဲများ စတင်ဖြစ်ပွားသည့် အချိန်မှစတင်ကာ အကြမ်းဖက် စစ်တပ်က နံနက် ၈ နာရီမှ မွန်းလွဲ ၁၂ နာရီအထိ နတ်သံကွင်းမြို့ကို လေကြောင်းဖြင့် ၁၂ ကြိမ် တိုက်ခိုက်ခဲ့ကာ ည ၁၀ နာရီခန့်တွင် ၄ ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့သောကြောင့် နတ်သံကွင်းမြို့မှ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ပဲနွယ်ကုန်းမြို့မှ နတ်သံကွင်းဖက်ကို စစ်ကူလာ‌သော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀၀ ခန့်ကို သဲကောကျေးရွာအနီးတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့် သေဆုံးခဲ့သောကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားများက လက်နက်ကြီး ၁၀ လုံးထက်မနည်း သဲကောကျေးရွာအတွင်းကို ပစ်ခတ်ခဲ့ရာ သဲကောရွာ ဘုန်းတော်ကြီးကျောင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲကာ သဲကောကျောင်းထိုင် ဆရာတော်မှာ လက်နက်ကြီး ကျည်ထိမှန်ပြီး ပျံလွန်တော်မူခဲ့ပြီး သဲကောရွာဘုန်းကြီးကျောင်းလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

ယင်းနေ့ နံနက် ၁၁ နာရီမှ ၁၁ နာရီ ၁၅ မိနစ်အထိ နတ်သံကွင်းမြို့ထဲကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် ဗုံး ၃လုံးကျဲချပြီး အော်လီဂန်းဖြင့် ၅ ကြိမ်ပစ်ခတ်သွားကြောင်း၊ နံနက် ၁၁ နာရီ ၅၃ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အထိ ပဲနွယ်ကုန်းမြို့အနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ၊ MI-35 တို့ဖြင့် ဗုံး ၆လုံးကျဲချပြီး အော်လီဂန်းဖြင့် ၁၀ ကြိမ် စက်လတ်ဖြင့် ၃ ကြိမ် လှည့်ပတ် ပတ်ပစ်ခတ်သွားပြီး မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် လက်ပံကုန်းကျေးရွာကို လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်ခဲ့ရာ လက်ပံကုန်း ကျေးရွာမှ (၁) အသက် ၅၂ နှစ်အရွယ် ဦးဝင်းကြည်နှင့် အသက် ၂၄ နှစ်အရွယ် မီးငယ် တို့သေဆုံးခဲ့ရပြီး ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

မွန်းလွဲ ၂ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ကျောင်းဆိုးကျေးရွာကို လေကြောင်းဖြင့် ၈ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး ရွှေဝါအခြေစိုက် ခမရ ၃၀၇ နှင့် ကညွတ်ကွင်း အခြေစိုက် ခမရ−၄၃၉ မှနေ၍ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းကို ပစ်ခတ်ခဲ့သောကြောင့် ညနေ ၄ နာရီ ၁ မိနစ်ခန့်တွင် ပျဉ်းမပင်ရွာကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် ၂ လုံး လက်နက်ကြီး ထိမှန်ကာ အသက် ၂၄ နှစ်အရွယ် နော်ငယ်ငယ်သူနှင့် အသက် ၃၈ နှစ်အရွယ် စောအောင်ကိုဝင်းတို့ ကျည်စထိမှန်သေဆုံးခဲ့ပြီး အသက် ၄ နှစ်အရွယ် ယနော်ဖောသောသောဝါးနှင့် အသက် ၇ နှစ်အရွယ် နော်သွန်းမီမီအောင်တို့ ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ည ၉ နာရီ ၃၀ မိနစ်တွင် အောက်တဲစုကျေးရွာကို လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲပြီး အသက် ၅၂ နှစ်အရွယ် ဒေါ်ရည်လဲ့ ထိခိုက်ဒဏ်ရာရရှိပြီး နွား ၁ ကောင် သေဆုံးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခမရ−၄၃၉ က ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် နတ်သံကွင်း ၁ ရပ်ကွက်အတွင်း ပစ်ခတ်ခဲ့ရာ နေအိမ် ၃ လုံး မီးလောင်ပြာကျကာ မီးလောင်နေဆဲဖြစ်ပြီး ရွာသားများ မရှိသည့် အတွက်ကြောင့် တခြားနေအိမ်များ မီးကူးသွားမည်ကို စိုးရိမ်ရကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခလရ−၂၆၄ တပ်က ၁၂၀ မမ လက်နက်ကြီးများဖြင့် နတ်သံကွင်းမြို့ကို ၁၉ လုံး၊ ခင်တန်းကျေးရွာကို ၁၁ လုံး၊ ပဲနွယ်ကုန်းမြို့ကို ၂ လုံး စုစုပေါင်း ၃၂ လုံး ပစ်ခတ်ပြီး ရဟတ်ယာဥ်ဖြင့် ခင်တန်းကျေးရွာကို ၂ ကြိမ်၊ Mi-2 ဖြင့် ပဲနွယ်ကုန်းမြို့ကို ၂ ကြိမ်နှင့် လေယာဉ်ဖြင့် ဗုံး ၁၀ လုံး၊ ဂျက်ဖိုက်တာ ၂ စင်းဖြင့် သဲကောကျေးရွာကို အော်လီဂန်းဖြင့် ၄ ကြိမ်၊ လေယာဉ်ဗုံး ၃ လုံး အော်လီဂန်းဖြင့်စုစုပေါင်း ၈ ကြိမ်နှင့် လေယာဉ်ဗုံး စုစုပေါင်း ၁၃ လုံး ကျဲချတိုက်ခိုက်ခဲ့​ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က တိုက်ပွဲနှင့် မသက်ဆိုင်သော ပြည်သူလူထုများ နေထိုင်ရာ ကျေးရွာများနှင့် ရပ်ကွက်များအတွင်းကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများနှင့် လေကြောင်းတို့ဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းကြောင့် နတ်သံကွင်းမြို့၊ ပဲနွယ်ကုန်းမြို့နှင့် ၎င်းမြို့များအနီးရှိ ကျေးရွာ ပြည်သူလူထု အမြောက်အများမှာ အသက်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်းနေရကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် လိုအပ်ချက်များကို ကေအဲန်ယူ−ကရင်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူခရိုင်ရှိ တာဝန်ရှိခေါင်းဆောင်များမှ ဖြေရှင်းဆောင်ရွက်ပေးနေ သော်လည်း စစ်ဘေးရှောင်ပြည်သူလူထုမှာ တနေ့တခြား များပြားလာခြင်းကြောင့် အရေးပေါ်လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်သည့် စားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အမိုးအကာများ လိုအပ် လျှက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article