ရန်ကုန်၊ ဧပြီ ၃
အကြမ်းဖက်စစ်ကောင်စီက စီစဉ်နေသည့် အတုအယောင် ‘အပျော်သင်္ကြန်နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွှင်ပွဲအစီအစဉ်များကို လုံးဝ မပူးပေါင်း၊ မပါဝင်ခြင်းဖြင့် သပိတ်မှောက်ကြရန် ပြည်သူလူထုကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းနှိုးဆော်သည်။
တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ အစားထိုး ပြန်မရနိုင်သည့် မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs စစ်သည်တော်များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် “အပျော်သင်္ကြန်” နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် GSCB က တိုက်တွန်းထားသည်။
အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော “အပျော်သင်္ကြန်”ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ “တော်လှန်သင်္ကြန်”အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ကြောင်း ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် “တော်လှန်သင်္ကြန်”ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း GSCB က ထုတ်ပြန်တိုက်တွန်းထားသည်။