28 C
Yangon

စစ်တွေမြို့နယ်၊ တောကန်ကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်| ဇန်နဝါရီ ၁၅

ရခိုင်ပြည် စစ်တွေမြို့နယ်ရှိ တောကန်ကျေးရွာကို စစ်ကောင်စီတပ်မှ ယနေ့ ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းအချိန်ခန့်တွင် မီးရှို့ဖျက်ဆီးနေမှုကြောင့် နေအိမ်အများအပြား မီးလောင်ကျွမ်းနေကြောင်း AA ၏ ထုတ်ပြန်ချက်နှင့် မျက်မြင် ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

နံနက်ပိုင်း ၉ နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့နေခြင်းဖြစ်ပြီး လက်ရှိအချိန် မီးများသည်ငြိမ်းသတ်မှု မရှိသေးဘဲ ထပ်မံလောင်ကျွမ်းနေကြောင်း မျက်မြင်ကျေးရွာသားတစ်ဦးက ပြောသည်။

“အခု မီးလောင်နေတာပါ။ မီးမလောင်ခင် လက်နက်ကြီးပစ်သံတွေတော့ မကြားမိဘူး။ စစ်ကောင်စီတပ်က မီးဝင်ပြီး ရှို့နေတာပါ။ မီးလောင် နေတုန်းမှာ ပေါက်ကွဲသံတွေ ကြားရတယ်။ မိုင်းပေါက်တာလား လက်နက်ကြီးပစ်တာလားတော့ မသဲကွဲဘူး” ဟုပြောသည်။

လက်ရှိ မီးလောင်ကျွမ်းနေသည့် တောကန်ကျေးရွာမှာ ရွာဟောင်းဖက်ဖြစ်ပြီး အဆိုပါကျေးရွာကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ ဝင်ရောက် မီးရှို့ခဲ့သည်။ စစ်ကောင်စီမှ ဝင်ရောက်မီးရှို့နေသည့် တောကန်ကျေးရွာမှ အိမ်ခြေ ၁၀၀ ကျော်ခန့်ရှိသည့် ကျေးရွာတစ်ခုလည်းဖြစ်သည်။

ထိုကဲ့သို့ စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့မှုကြောင့် ကျေးရွာသားများ အားလုံးနီးပါးမှာ ပြီးခဲ့သည့် ဒီဇင်ဘာမှစ၍ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြပြီး လက်ရှိကျေးရွာနှင့် ဝေးရာတွင် ရှိနေကြသည်ဟု တောကန်ကျေးရွာသားတစ်ဦးက ဆိုသည်။

“ကျမတို့တစ်ခြားကို ရောက်နေကြပါတယ်။ ပထမတစ်ခေါက်မီးတိုက်ခံရကတည်းကပါ။ အခုလည်း စစ်ကောင်စီက မီးထပ်ရှို့နေတယ်” ဟုပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း အိမ်ခြေ ၃၀၀ ကျော်ခန့်ရှိသည့် ပေါက်တောတောင်းဖူးကျေးရွာကို စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် အိမ်ခြေ ၆၀ ကျော်ခန့် မီးလောင်ဆုံးရှုံးမှုရှိခဲ့ကြောင်း တောင်းဖူးကျေးရွာသားများက ပြောသည်။

ယင်းအပြင် ပေါက်တောရှိ မနော်သီရီ၊ ပုဏ္ဏားကျွန်းမှ ခမောင်းတော၊ ရဲရိုးပြင် စသည့်ကျေးရွာများကိုလည်း စစ်ကောင်စီတပ်မှ မီးရှို့မှုရှိခဲ့ပြီး ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး စသည့်မြို့နယ်များမှ လူနေအိမ်များမှာလည်း စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်းအသုံးပြုပစ်ခတ်မှုတို့ကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးလျက်ရှိနေသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်တိုက်ပွဲများပြင်းထန်နေ ဆဲဖြစ် သည့် ရခိုင်တွင် စစ်ကောင်စီဖက်မှ အရပ်သားနေထိုင်ရာဒေသများကို ပစ်ခတ် ခြင်း၊ ကျေးရွာများအားဝင်ရောက်မီးရှို့ခြင်းနှင့် ဒေသခံများအား သတ်ဖြတ် ခြင်းတို့ကိုပါ လုပ်ဆောင်လျက်ရှိနေသည်။

#နွေဦးတော်လှန်ရေး #khitthitmedia #myanmarmedia #burmesemedia #foryou #foryoupage #NUG #springrevolution #စစ်ကောင်စီ #စစ်တွေမြို့နယ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article