26 C
Yangon

“စစ်အာဏာရှင်၏ အလိမ်အညာဝါဒများ”

Must read

By တပ်ကြပ်ကြီး မင်းသူရ(ပြည်သူ့ပန်းတိုင်)

မြန်မာ့စစ်တပ်ရဲ့ ခေတ်အဆက်ဆက် အာဏာရှင်အုပ်စုတွေဟာ နိုင်ငံအပေါ်ကို အမြဲမပြတ် ကြွေးကြော်ဝါဒဖြန့်နေသည့် ကိစ္စရပ် ၃ ခုရှိနေပါတယ်။ အဲဒီမှာ ရှုမြင်စဥ်းစားသုံးသပ်ကြည့်စရာတွေ ရှိလာခဲ့ပါတယ်။

(၁) တပ်မတော်ဟာ နိုင်ငံတော်ကို တစ်စုတစ်စည်းတည်း ဖြစ်စေခဲ့သည့်အဖွဲ

တကယ်ဟုတ်နိုင်ပါရဲ့လား။ တပ်မတော်က နိုင်ငံရေးကို ပါဝင်ပတ်သက်ပြီး စစ်တန်းလျားကို ပြန်မသွားခဲ့ဘဲ စစ်တန်းလျားရော နိုင်ငံရေးတန်းလျားကိုပါ ခွထိုင်ပြီး ချုပ်ကိုင်ချိန်ကစလို လက်နက်ကိုင်အစုအဖွဲတွေ ကွဲထွက်လာခဲ့ကြတာပါ။ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ကို မရပ်မနား (နားသော်လည်း အပေးအယူ ခွဲခြမ်းဝေငှပြီး စစ်မှန်သည့် ပြီးဆုံးခြင်းမဟုတ်သည့် ခဏတာသံသယတွေနဲ့ စောင့်ကြည့်သည့်အခြေအနေ) တိုက်လာခဲ့ကြတာ တစ်စုတစ်စည်းတည်ဖြစ်စေသည်ဟူသော ဝါဒဖြန့်မှုဟာ ယုံကြည်စရာကောင်းနေပါ့မလားပေါ့။

တပ်မတော်၏ နိုင်ငံရေးအရသာတွေ့မှု၊ နိုင်ငံရေးအပေါ် အသုံးချပြီး မိမိတို၏ အကျိုးစီးပွား ကြီးထွားရေးအတွက် တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တို၏ စနစ်တကျ လက်ဝါးရိုက်ပြီး အကွက်ကျကျ လုပ်ဆောင်နေခဲ့ကြတာက မဟုတ်ပါဘူးဟု ငြင်းချက်ထုတ်ရအောင်ကလည်း ဆင်သေကို ဆိတ်သရေနဲ့ ဖုံးသလို မလုံခြုံပဲ ပေါ်လွင်လွန်းလှပါတယ်။

မညီမျှစွာ အာဏာသုံးရပ်ကို စနစ်တကျချုပ်ကိုင်ပြီး လက်နက်ကိုင်ကာ အနုနည်း၊ အကြမ်းနည်း၊ ကလိမ်ကကျစ်နည်းများနှင့် လုပ်ဆောင်မှုတွေကြောင့် ၈၈ လို ၂၁ လို လက်နက်ကိုင် အဖွဲအစည်းပေါင်းစုံပေါ်လာခဲ့ပြီး နိုင်ငံပြိုကွဲမည့် အခြေအနေကို ဆိုက်ရောက်လာခဲ့တာပါ။ လက်ရှိမြေပြင်သက်သေတွေဟာ တပ်မတော်ကြောင့် တစ်စုတစ်စည်းတည်းဖြစ်စေခဲ့သလားဆိုတာ ဘယ်ရှုဒေါင့်ကနေယုံကြည်ရမည်လဲလို ပြောဆိုနေသူတွေကို မေးရမလိုဖြစ်နေပါပြီ။

တိုင်းပြည်တစ်စုတစ်စည်းတည်း ဖြစ်ဖိုက တိုင်းရင်သားပြည်သူအားလုံး တန်းတူအခွင့်အရေးနှင့် စစ်မှန်ပြည့်ဝသည့် တရားဥပဒေစိုးမိုးခြင်း ကိစ္စပါပဲ။

အခုတော့ တပ်မတော်ဆိုသည့် ထိပ်ပိုင်းခေါင်းဆောင်ကြီးများ (ယူနီဖောင်းဝတ်ရော၊ ယူနီဖောင်းချွတ်ရော) ဆိုသူကြီးများ၏ ခေါင်းမပါသော လုပ်ရပ်များကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲပြားလျက်ရှိပါကြောင်း။

(၂) တပ်မတော်ဟာ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောင့်သည့်အဖွဲအစည်းလား။

ဘာသာရေးနဲ့ပတ်သက်လိုကတော့ သိပ်ပြီးမပြောလိုပါဘူး၊ ထိလွယ်ရှလွယ်မိုပါ။ ကိုယ်တိုင်လည်း ဘာသာတရားကို ကြည်ညိုကိုင်းရှိင်းသူဖြစ်နေခြင်းကြောင့်ပါ။ ဒါပေမဲ့ ဝါဒဖြန့်စည်းရုံးသည့် အထက်ပါစကားရပ်ဟာ မမှန်ကန်လေတော့ အနည်းငယ်တော့ပြောပါရစေ။

ဘာသာတရားဆိုတာ မိမိအတွေး၊ နှလုံးသားထဲကလာသည့် ယုံကြည်မှု သဒ္ဒါတရားပါ။ မိမိတိုလူမျိုးတွေကိုယ်တိုင် ယုံကြည်ချက် သဒ္ဒါတရားတွေ မပျောက်သ၍ ဘယ်တော့မှ မပျောက်ကွယ်ပါဘူး။ ယုံကြည်မှုသဒ္ဒါတွေပျက်ရင် သံကွန်ခြာ ၁၀ ထပ်အုပ်လည်း ထိန်းသိမ်းထားလိုမရပါဘူး။
ဘာသာတရားဆိုတာ လက်တွေ့ဆန်ပါတယ်။ ဗုဒ္ဓရဲ့အဆုံးအမတွေဟာ လက်တွေ့ဆန်ပါတယ်။

ဆရာတော်တစ်ပါး မိန့်ကြားခဲ့တာ မှတ်သားဖူးပါတယ်။ သာသနာ၏ ပျက်စီးရာပျက်စီးကြောင်းဟာ ပြင်ပကနေမလာပါဘူး။ အတွင်းကနေပဲလာပါတယ်တဲ့။ ဥပမာ…ဝတ္ထုပစ္စည်းတွေလှူမှ သာသနာပြုတယ်ဆိုရင် တရွာလုံး ဓမြတိုက်ပြီး ရွာဦးကျောင်းမှာလာလှူသည့် ဓမြခေါင်းဆောင်ကို သာသနာဒါယိကာအဖြစ်သတ်မှတ်သည့် ပုံသဏ္ဍာန်မျိုးတွေဖြစ်နေတော့မည်လားဆိုတာ စဥ်းစားစရာပေပဲပေါ့။

(၃) မြန်မာပြည်ဟာ အနောက်နိုင်ငံတွေ၏ သြဇာခံဖြစ်လာမည်တဲ့။

အဓိပ္ပယ်လုံးဝမရှိဘဲ ကိုယ်မွေးထားသည့် သားသမီး ကိုယ်ပြန်ပြီး ရေနစ်သတ်သည့် ဝါဒဖြန့် စကားရပ်တစ်ခုပါ။

လူတစ်ဦးဟာ လူတစ်ဦးအပေါ် လွှမ်းမိုးဖိုဆိုတာ တစ်နည်းအားဖြင့် ဆရာလုပ်ဖို ဆရာအလုပ်ခံဖိုဆိုတာ အဲဒီလူတစ်ဦးချင်း၏ ကိုယ်ပိုင်အရည်အချင်း ကိုယ်ရည်ကိုယ်သွေးနဲ့ပဲဆိုင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာလည်း ထိုနည်းအလားသဏ္ဍာန်လိုပါပဲ။ ဒါဟာတံခါးပိတ်ထားပြီး အိမ်ထဲမှာ မိမိလုပ်ချင်သလိုလုပ်မည်။ အာဏာရှင်ဆန်ဆန် အတွေးသက်သက်ပါ။ ငါအိမ်ထောင်ဦးစီး ငါဘာလုပ်လုပ် ပြန်မပြောနဲ့ဆိုတဲ့ ခေါတ်မမှီတော့သည့် ဖိုဝါဒ အရိုးစွဲအတွေးအခေါ် တစ်ခုလို အကျင့်ပါနေခဲ့တဲ့ပုံစံပါပဲ။

တိုင်းတပါးသား၏ လွှမ်းမိုးခံရမှုဟာ ကျွန်တော်တို၏ ပညာရေး၊ လူမှုရေး၊ စီပွားရေး၊ နိုင်ငံရေး နိမ့်ကျမှုတွေနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။

ဒီအကြောင်းကြောင်းတွေကြောင့် အထက်ပါဝါဒဖြန့် ပြောဆိုစည်းရုံးနေမှုတွေနဲ့ တိုင်းပြည်နှင့်ပြည်သူအပေါ် လက်တွေ့ လုပ်ဆောင်နေမှုများဟာ ကိုက်ညီမှုမရှိဘဲ အပြောနှင့် အလုပ် သတ်သတ်စီ ဖြစ်နေသည်မှာ လက်ရှိတိုင်းပြည်အခြေအနေက သက်သေပြလျက်ရှိနေကြောင်းပါပဲခင်ဗျား။

(တပ်ကြပ်ကြီးမင်းသူရသည် ပြည်သူ့ပန်းတိုင်အဖွဲ့မှဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article