အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး မတိုင်မီ စစ်ကောင်စီ ကိုယ်စား လှယ်အဖွဲ့ လာအိုသို့ အရေးပေါ် နေ့ချင်းပြန် စစ်လေယာဉ်ဖြင့်သွားရောက်
ရန်ကုန်၊ ဇန်နဝါရီ ၂၈
အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံက ဦးစီးကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ လာအိုသို့ အရေးပေါ် နေ့ချင်းပြန် စစ်လေယာဉ်ဖြင့် သွားရောက်ကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့တွင် တပ်မတော်(လေ)မှ လေယာဉ်ဖြင့် စစ်ကောင်စီမှ ကိုယ်စားလှယ် ၃ ဦး လာအိုနိုင်ငံသို့ နေ့ချင်းပြန်သွားရောက်ခြင်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်အဖွဲ့တွင် စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ ဦးဆောင်ဖွယ်ရှိကြောင်း သိရှိရသည်။
“အာဆီယံနိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်က အစီရင်ခံစာတင်ဖို့ရှိတယ်။ အဲဒီကိစ္စ သွားပြီး ညှိနှိုင်းတာဖြစ်ဖ်ို့များတယ်။ မနေ့က တပ်မတော်လေယာဉ်နဲ့ နေ့ချင်းပြန် လာအိုသွားတာမှန်ပါတယ်” ဟု နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။
လာအိုင်နိုင်ငံတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ စတင်ကျင်းပနေပြီး ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ ကျင်းပမည်ဖြစ်ကာ မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံအထူး သံတမန်က အစီအရင်ခံစာ တင်သွင်း အစီရင်ခံမည်ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်မှ လေယာဉ်တစ်စင်း။ (ပုံအဟောင်းဖြစ်ပါသည်။)