ရန်ကုန်၊ ဧပြီ ၆
ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီတပ်နှင့်BGF ဘက်မှ ၂၄ ဦးသေဆုံးကြောင်း KNU တပ်မဟာ ၅ မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။
ဧပြီလ ၄ ရက်၊ မွန်းလွဲ ၃ နာရီမှ ၄ နာရီအချိန်တွင် KNU တပ်များက မယ်ဝေအခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်စခန်းနှင့်နီးစပ်သည့်ကျေးရွာများအတွင်းသို့ အမြောက်များ၊ စက်သေနတ်များဖြင့် ပစ်ခတ်ခဲ့ပြီး ရိက္ခာများ စစ်လေယာဉ်ဖြင့် ကျဲချရန်အချိန်တွင်လည်း KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်များက စောင့်ဆိုင်းပစ်ခတ်သဖြင့် ရိက္ခာအထုပ်များကျဲချခြင်းမပြုနိုင်တော့ပဲ နောက်ကြောင်းလှည့်ပြန်သွားကြောင်း၊KNU ၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှတစ်ဉီးထိမှန်သေဆုံးသွားကြောင်း သိရှိရသည်။
ဧပြီလ ၄ ရက်နေ့ မွန်းလွဲ နာရီမှ ၃ နာရီအချိန်အထိ ဖာပွန်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်များသည် မယ်ဝေဒေသအတွင်းသို့ အမြောက်လက်နက်ကြီး ၁၀ လုံးဖြင့် လှမ်းပစ်ခဲ့ရာ တိုမယ်ခီး(တံတားဉီး)ရွာအတွင်းရှိဆန်စက်ရုံတစ်လုံးအားထိမှန်ခဲ့ပြီး အဆိုပါဆန်စက်သည် ပြာအတိမီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။
အလားတူ မူတြော်ခရိုင်မြောက်ပိုင်း၊ လူသောမြို့နယ်၊ စောမူပလေကျေးရွာအုပ်စုအတွင်းရှိ စောနွယ်ပလောသို့ ကျူးကျော်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို နံနက် ၆ နာရီအချိန်တွင်တစ်ကြိမ်၊ နံနက် ၈ နာရီခွဲအချိန်တွင် တစ်ကြိမ်နှင့် နံနက် ၉ နာရီအချိန် စောနွယ်ပလေတွင်တစ်ကြိမ် KNLA-ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် ဒေသကာကွယ်ရေးတပ်များက ၃ ကြိမ်တိတိဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးပြီး တစ်ဉီးဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။
ထို့ပြင် ဧပြီလ ၄ ရက်နေ့ တစ်ရက်တည်းအတွင်း နံနက် ၁ဝ နာရီမှ နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် အမှတ်(၅)တပ်မဟာဌာနချုပ်စစ်သည်များနှင့်အတူ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)၊ တပ်ခွဲ(၂)မှစစ်သည်များ ပူပေါင်းကာ ဖားလုံးကြီးနှင့် ထီးကဆောမဲအကြားရှိ ကလောလူခီးဒေသတွင်မောင်းနှင်လာသည့် BGF ရိက္ခာယဉ်တန်းများအားဝင်ရောက်တိုက်ခိုက်ရာ BGFတပ်မှ ၁၃ ဉီးသေဆုံးကြောင်း၊ အဆိုပါ သေဆုံးစာရင်းထဲတွင် BGFတပ်ရင်းမှူးတစ်ဉီး၊ တပ်ခွဲမှူးတစ်ဉီး၊ တပ်ကြပ်ကြီးတစ်ဉီးနှင့် တပ်ကြပ်တစ်ဉီးပါဝင်ကြောင်း သိရှိရသည်။
၂၀၂၂ခုနှစ်၊ ဧပြီလ(၃)ရက်နေ့ နံနက် ၀၆း၀၀နာရီအချိန်တွင် စောနွယ်ပလောအခြေစိုက်အကြမ်းဖက်စစ်ကောင်စီတပ်အားတစ်ကြိမ်နှင့် နံနက် ၀၇း၀၀နာရီအချိန်တွင်တစ်ကြိမ် စုစုပေါင်း(၂)ကြိမ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်(၅)တပ်မဟာလက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲစစ်သည်များဝင်ရောက်တိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုမည်မျှရှိသည်ကိုမူအတည်မပြုနိုင်ကြောင်းသိရသည်။
ဧပြီလ ၃ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မယ်ဝေအခြစိုက်တပ်သားများသည် မယ်ဝေအထက်စုရွာမှ အိမ်ခြေ ၅ လုံးကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ဧပြီလဆန်းပိုင်းတွင် စစ်ကောင်စီက စစ်လေယဉ်များဖြင့် မယ်သူဒေသအတွင်းရှိ ကျေးရွာများပေါ်သို့ဗုံးကြဲတိုက်ခိုက်ရာ ဃေါဝါးရွာသား စောသိန်းအောင်သေဆုံးသွားသည့်အပြင် ဝါတော်(၄)ဝါရှိ ထီးကေလိုကျောင်းထိုင်ဆရာတော် အရှင်ဩဘာသ ပျံလွန်တော်မူကြောင်း သိရှိရသည်။
ဓာတ်ပုံ- KNU တပ်သားများ။
Photo- AFP။