ကရင်နီပြည်၊ ရှားတောတွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါ အဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို ခလရ ၂၄၉ စစ်တပ် စစ်ကြောင်းက ပစ်သတ်ခဲ့
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
ကရင်နီပြည်၊ ရှားတောမြို့နယ်တွင် စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ကရင်နီတပ်မတော် KA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့၊ နံနက်ပိုင်း ကိုယ်ဝန်ဆောင် မိခင် ၁ ဦး အပါအဝင် အမျိုးသမီး ၃ ဦး၊ ကလေးငယ် ၃ ဦး အလောင်းများကို ကရင်နီတပ်မတော် KA နှင့် KNDF တို့က တွေ့ရှိခြင်းဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စစ်တပ်စစ်ကြောင်းက ဖမ်းဆီးခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“အလောင်းတွေမှာက သေနတ်ဒဏ်ရာတွေပဲ။ ကလေးရော ၊ ကိုယ်ဝန်ဆောင်ရော ၊ အမျိုးသမီးတွေကိုရော စစ်တပ်စစ်ကြောင်းက ပစ်သတ်ထားတာပါ။ စစ်ကြောင်းနဲ့ လမ်းမှာတိုးပြီး အဖမ်းခံရတယ်။ တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျန်တဲ့လူတွေကို စစ်တပ်က အကုန်ပစ်သတ်လိုက်တာ” ဟု KA သတင်းရင်းမြစ်က ပြောဆိုသည်။
KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီက “ဒီကလေးတွေနဲ့ အမေကို ဘယ်လိုလို့ လုပ်ရက်တာလဲ။ ပြောစရာ စကားမရှိတော့ဘူး ။ ဟိုရက်ကလည်း ကလေး၄ယောက် ။ မင်းတို့ကလေးတွေ သားသမီးတွေ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ မကြုံရပါစေနဲ့” ဟု လူမှုကွန်ရက်တွင် ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားသည်။
အမျိုးသမီးများနှင့် ကလေးများကို ပစ်သတ်သွားသည့် စစ်တပ်စစ်ကြောင်းမှာ ခလရ ၂၄၉ စစ်တပ်စစ်ကြောင်းဖြစ်ကြောင်း KA သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။