ဖေဖော်ဝါရီ ၁၄၊ ၂၀၂၄
သြစတြေးလျပိုင် SCM Legal ကုမ္ပဏီသည် စစ်အုပ်စုက ထိန်းချုပ်ထားသော မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအတွက် ဥပဒေဆိုင်ရာဝန်ဆောင်မှုများကို ၂၀၂၁ ခုနှစ်ကတည်းက တရားဝင် လုပ်ဆောင်ပေးနေ သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် စစ်အုပ်စု၏ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံ ပေးပို့ထားသည့် ပေါက်ကြားစာတွင် SCM Legal သည် ငါးနှစ်ကြာပြီဖြစ်သော ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းကိုးခုမှ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီထံ ပေးရန်ရှိသော အထူးလျော့ပေါ့ကြေးငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းကျော်ကို ပြန်လည်ရရှိရန် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ဥပဒေအကြံဉာဏ်များ ပေးအပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါစီမံကိန်းများကို Italian-Thai Development Corporation မှ ဦးဆောင်ခဲ့သည်။
အဆိုပါပေးစာအတွင်း အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီသည် ၂၀၁၆ ခုနှစ်မှစ၍ အထူးစီးပွားရေးဇုန် ကော်မတီထံ အထူးလျော့ပေါ့ကြေးငွေ (တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၃ သန်းကျော်) ပေးဆောင်ရန် ပျက်ကွက်သော ကုမ္ပဏီများ၏ ဘဏ်အာမခံများအားလုံးကို သိမ်းယူရန် SCM Legal ထံမှ ဥပဒေအကြံဉာဏ်ကို လက်ခံရယူခဲ့ကြောင်း ပါရှိသည်။
၄င်းစာအရ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB မှ နိုင်ငံခြားငွေစာရင်းနံပါတ် FDD 10.0327 ဖြင့် ငွေလွှဲရမည် ဖြစ်ကြောင်း စာအရ သိရသည်။ MICB ဘဏ်ကို ၂၀၂၃ ခုနှစ် ဇွန်လတွင် အမေရိကန်က ပိတ်ဆို့အရေးယူမှု ချမှတ်ခဲ့အပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သြစတြေးလျမှ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့တွင် စစ်တပ်ထိန်းချုပ်ထားသည့် ကော်မတီသည် Krung Thai Bank ထံမှ စီမံကိန်းအတွက် အထူးလျော့ပေါ့အခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၀.၃ သန်းကျော် ရရှိခဲ့သည်။
ကုမ္ပဏီမှ ဥပဒေရေးရာဝန်ဆောင်မှုများ ရယူနေခြင်းအတွက် ကျသင့်သည့် ဥပဒေရေးရာဝန်ဆောင်ခ အခကြေးငွေ အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ အထူးစီးပွားရေးဇုန်ဗဟိုလုပ်ငန်းကော်မတီမှ MOPF ထံသို့ ပေးပို့သော နောက်ထပ်စာတစ်စောင် ပေါက်ကြားလာခဲ့သည်။
ထိုစာတွင် ပြည်နယ်အုပ်ချုပ်ရေးကော်မတီ (SAC) ရုံး နှင့် ထားဝယ်အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းကော်မတီ၏ ခွင့်ပြုချက်တို့ကို ကိုးကားဖော်ပြထားပြီး ထားဝယ်အထူးစီးပွားရေးဇုန် ဗဟိုလုပ်ငန်းကော်မတီအား SCM တရားဝင် ဝန်ဆောင်မှုများ မည်ကဲ့သို့ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ၎င်းတို့၏ ဥပဒေရေးရာဝန်ဆောင်မှုများကို ပုံမှန်အတိုင်း တစ်လလျှင် ဒေါ်လာ ၁၀,၀၀၀ ထက်မကျော်သော ဝန်ဆောင်ခနှုန်ထားဖြင့် (၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၅ မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၅ အထိ) တစ်နှစ် ထပ်မံသက်တမ်းတိုးခဲ့ကြောင်း ပါရှိသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွက် အခွန်ဆောင်အပြီး တစ်လ ကျသင့်ငွေ အမေရိကန်ဒေါ်လာ ၃,၈၈၀ ကိုလည်း အဆိုပါစာတွင် ထည့်သွင်းဖော်ပြထားသည်။
ကုမ္ပဏီသည် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက စာချုပ်ချုပ်ဆိုခဲ့သည်။
SCM သည် သြစတြေးလျနိုင်ငံသား ပါဝင်ပတ်သက်နေသည့် ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားပိုင် ဥပဒေကုမ္ပဏီတစ်ခုဖြစ်သည်။
မြန်မာကုမ္ပဏီမှတ်ပုံတင်စာရင်းအရ SCM Legal သည် သြစတြေးလျနိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ ကုန်သည်ကြီးများအသင်း – Austcham Myanmar ၏ ဥက္ကဋ္ဌဖြစ်သူ Christopher Welwyn Hughes က အများစု ပိုင်ဆိုင်ထားသည်။
ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းကို ယခင်စစ်အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် သဘောတူ လက်မှတ်ရေးထိုးပြီး ၂၀၀၈ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စီမံကိန်း စတင်စဥ်ကတည်းက မြေယာသိမ်းပိုက်မှုများ၊ အခြားဆက်စပ်လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြောင့် ဒေသခံပြည်သူများနှင့် တက်ကြွလှုပ်ရှားသူများက အစဥ်အဆက် ကန့်ကွက်ခဲ့ကြသည်။
တရားမဝင်စစ်အုပ်စု၏ အာဏာသိမ်းကြိုးပမ်းမှုမတိုင်ခင်က အဆိုပါစီမံကိန်းကို ဆိုင်းငံ့ထားခဲ့ပြီး အီတာလျံ-ထိုင်း ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရာတွင် “အကြိမ်ကြိမ်နှောင့်နှေးမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ဝတ္တရားများကို ဆက်လက်ချိုးဖောက်ခဲ့မှုများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ၎င်းတို့၏ဘဏ္ဍာရေး အထောက်အထားများကို အတည်ပြုထုတ်ဖော်ရန် ပျက်ကွက်ခဲ့ခြင်း” တို့ကြောင့် စီမံကိန်းကို ရပ်ဆိုင်းခဲ့ခြင်း ဖြစ်သည်။
သို့သော် ၂၀၂၁ တရားမ၀င် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက ယင်းစီမံကိန်းကို ဆက်လက်လုပ်ဆောင်လိုကြောင်း ကြေညာခဲ့သလို၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းတွင်တော့ စီမံကိန်းကို ပြန်လည်စတင်တော့မည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုခဲ့သည်။
တဆက်တည်းတွင်ပင် ထိုင်းအစိုးရသစ်က ထားဝယ်အထူးစီးပွားရေးဇုန်ကို စိတ်ဝင်တစားနှင့် ပြန်လည်ဆက်သွယ်လာသည့် အနေအထားများ ရှိနေကြောင်း စစ်အုပ်စုထိန်းချုပ်ခံ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ဥက္ကဋ္ဌ၊ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းက ပြီးခဲ့သည့်လပိုင်းအတွင်းက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအရှေ့ပိုင်းပြည်နယ်များတွင် အထူးစီးပွားရေးဇုံများ တည်ဆောက်နေပြီး၊ အဆိုပါ စီးပွားရေးစင်္ကြံနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ အစိုးရသစ်က ကြံစည်နေပုံရကြောင်း ထိုင်းနိုင်ငံအရေး ကျွမ်းကျင်သူတချို့က ဆိုသည်။
အထူးသဖြင့် ထိုင်းနိုင်ငံရေးအပြောင်းအလဲနှင့် မြန်မာစစ်အာဏာသိမ်းမှုများကို အခွင့်အရေးအဖြစ် အသုံးချကာ စစ်တပ်ထိန်းချုပ်မှု အားကောင်းနေဆဲဖြစ်သည့် ထိုင်းအစိုးရသစ်နှင့် မြန်မာစစ်အုပ်စုတို့ ပလဲနံသင့်စွာဖြင့် အကောင်အထည်ဖော်သွားမည့် အဆိုပါစီမံကိန်းသည့် ဒေသခံပြည်သူများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်ဒုက္ခပေးမည့် စီမံကိန်းတစ်ခုသာ ဖြစ်ပေတော့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



