ပြည်သူတိုင်း စစ်မှု မထမ်းမနေရစနစ်ကို နောင်နှစ်ပေါင်းများစွာ Long Term Plan ဖြင့် နောင်အစိုးရအဆက်ဆက်က ကျင့်သုံးရမည်ဟု အကြမ်းဖက် ဇော်မင်းထွန်း ထပ်ပြော
■ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ အောက်ခြေအဆင့်အထိ ဖွဲ့စည်းနေ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅
ပြည်သူတိုင်း စစ်မှုမထမ်းမနေရစနစ်ကို နောင်နှစ်ပေါင်းများစွာ Long Term Plan ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး တစ်နှစ်၊ နှစ်နှစ် ၊ သုံးနှစ်၊ လေးနှစ် ရည်မှန်းထားခြင်းမဟုတ် ကြောင်းအကြမ်းဖက် ဇော်မင်းထွန်းက စစ်ကောင်စီ မီဒီယာများမှတစ်ဆင့် ထပ်မံပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်၍ စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း ကြေညာခဲ့ပြီး ယင်းကြေညာမှုသည် နောင်အစိုးရအဆက်ဆက် ကျင့်သုံးရမည်ဖြစ်ကြောင်း အကြမ်းဖက်ဇော်မင်းထွန်းက ပြောဆိုသည်။
“ဒီအစိုးရလက်ထက်မှာမှ ဆောင်ရွက်သွားမှာမဟုတ်ဘူး။ နောင်ဆက်လာမယ့် ဒီမိုကရေစီအစိုးရလက်ထက်တွေမှာလည်း ဆက်လက်ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ပြီး မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာ အဆင့်များလည်း ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ပြည်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့်အချိန်မှာ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်၊ လေးနှစ်ကာလ မဟုတ်ကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရှိရသည်။
“ရေရှည် Long Term Plan မှာတော့ အကျုံးဝင်တဲ့သူအားလုံးသည် နိုင်ငံတော်ကာကွယ်ရေးပညာကို တတ်မြောက်ပြီးဖြစ်ရမယ်ဆိုတာကို ရည်မှန်းထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ်၊ နှစ်နှစ်၊ သုံးလေးနှစ် ရည်မှန်းထားတာမဟုတ်ပါဘူး။ နောင်နှစ်ပေါင်းများစွာအထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆိုသည်။
စစ်ကောင်စီက လာမည့် ဧပြီလသင်္ကြန်ပိတ်ရက်အပြီးမှစတင်၍ တစ်လျှင် ပြည်သူ ၅၀၀၀ ဦးကို စစ်မှုထမ်းရန် ခေါ်ယူပြီး တစ်နှစ်လျှင် စစ်အင်အား ၆၀၀၀၀ စစ်မှုထမ်းခိုင်းမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။