ရန်ကုန်၊ ဧပြီ ၁၀
ဂျပန်အစိုးရ၊ ENOS နဲ့ Mitsubishi Corporation တို့အနေနဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့ စီမံကိန်းမှ တာဝန်ယူမှုအပြည့်နဲ့ ဂုဏ်သိက္ခာရှိစွာ ထွက်ခွာပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်း Justice for Myanmar (JFM) က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုနောက်ပိုင်း ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်ဖြိုခွင်းမှု၊ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်လက်ပြုလုပ်နေပေမယ့် စစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်ဖြစ်တဲ့ ရဲတံခွန် သဘာဝဓါတ်ငွေ့ စီမံကိန်းကနေ ရပ်ဆိုင်းနှုတ်ထွက်ပေးဖို့ ဂျပန်အစိုးရ နဲ့ ENOS တို့က ဆုံးဖြတ်ထားခြင်းမရှိသေးပေ။
ဒါပေမဲ့ ၎င်းတို့ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Mitsubishi Corporation ကတော့ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း သတင်းကြေငြာချက်တွေ ပေါ်ထွက်နေပါတယ်။
ဒီလိုနှုတ်ထွက်ရာမှာတော့ Mitsubishi Corporation က စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့်မဟုတ်ပဲ အမြတ်အစွန်းတွေ ကျဆင်းလာတာကြောင့် ဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ အဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar က ဆိုပါတယ်။
အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း စစ်ဆင်ရေး အခြေအနေမှာ ပိုမိုးဆိုးရွားလာနေပြီး အခုနှစ် ဖေဖော်ဝါလအထိ စုစုပေါင်း လူဦးရေ (၈၀၀,၀၀၀) ရှစ်သိန်းကျော်မှာ စစ်ဘေးဒုက္ခသည်တွေဖြစ်ခဲ့ရပြီး ဒီထဲက (၄၄၀,၀၀၀) နီးပါးကတော့ အာဏာသိမ်းဖြစ်စဉ် နောက်ပိုင်းမှာ တိုးပွား လာခြင်းဖြစ်ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ထားပါတယ်။
ဒီလိုစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နှစ်ပေါင်းများစွာကျူးလွန်နိုင်နေခြင်းဟာ ဝင်ငွေအရင်း အမြစ် ရှိနေတာကြောင့်ဖြစ်ပြီး စစ်တပ်အနေနဲ့ ယခင်စစ်အစိုးရလက်ထက်တွေ ကတည်းက ကိုယ်ပိုင်စီးပွားရေးနယ်ပယ်ကို တည်ဆောက်ကာ အကြမ်းဖက်လုပ်ရပ်တွေအတွက် အရင်းအမြစ်တွေ ပြု လုပ်ထားခဲ့ခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံအနေနဲ့လည်း အဆိုပါစီးပွားရေးလုပ်ငန်းတွေနဲ့ ကင်းလွတ်ခြင်း မရှိခဲ့ဘဲ ဒီစီးပွားရေးလုပ်ငန်းတွေထဲမှာ ၁၉၉၀ ခုနှစ်ကာလက စတင်ခဲ့တဲ့ ရဲခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကလည်း တစ်ခုအပါအဝင်ပါ။
အဆိုပါ စီမံကိန်းလုပ်ကွက် မှ ရရှိတဲ့ ဓါတ်ငွေ့တွေဟာ တိုင်းရင်းသားလူနည်းစုတွေ နေထိုင်ရာ ဒေသကို ဖြတ်သန်းကာ ပိုက်လိုင်းနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တင်ပို့နေခဲ့ခြင်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင် ကမ်းလွန်ပင်လယ် သဘာဝဓါတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး လုပ်ကွက် (၄) ခု ရှိပြီး ဒီလုပ်ကွက်တွေကနေ အမြတ်အစွန်း များစွာ ရရှိနေပါတယ်။ ယခုကာလ မတိုင်မီက အစိုးရအခွန်အခ တရားဝင်ရရှိငွေရဲ့ (၁၀) ရာခိုင်နှုန်းဖြစ်ကာ စစ်အာဏာရှင်လက်ထက် အထူးသဖြင့် ၂၀၀၀ ခုနှစ်ကာလမှာ စစ်ကောင်စီရဲ့ အင်အားချဲ့ထွင်မှုအတွက် အထောက်အကူပြုနေပြီး အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ဒီဝင်ငွေအရင်းအမြစ်တွေကို စစ်ကောင်စီက သိမ်းပိုက်ထိန်းချုပ်နေ ခြင်းသာ ဖြစ်ကြောင်း JFM က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံရဲ့ NGOs အဖွဲ့အစည်းတွေက တိုင်ကြားခဲ့တဲ့ စာ (၄) စောင်မှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၁) ရက်နေ့မှ (၆) လတာ ကာလအတွင်း ရဲတံခွန်စီမံကိန်း မှ ဝင်ငွေ အမေရိကန် ဒေါ်လာ (၂၂.၃၇)သန်း ကို စစ်ကောင်စီက ထိန်းချုပ်ထားကြောင်း သိရှိရပါတယ်။ ဒီလုပ်ငန်းတွေ ဆက်လက် လည်ပတ်နေနိုင်သမျှကာလပတ်လုံး စစ်ကောင်စီရဲ့ ဝင်ငွေတွေဟာ လည်း ဆက်လက်တိုးပွား နေမှာဖြစ်ပါတယ်။
ရဲတံခွန်စီမံကိန်းကို မလေးရှား အစိုးရပိုင် Petronas Charigari ဦးဆောင်တဲ့ ဖက်စပ်ကုမ္ပဏီကလုပ်ငန်း လည်ပတ်စေပြီး အခြားရှယ်ယာဝင်တွေအနေနဲ့ ထိုင်းနိုင်ငံမှ PTTEP၊ JX Myanmar Oil Development နဲ့ စစ်တပ် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE တို့ ပါဝင်ပါတယ်။
Mitsubishi Cooperation က နှုတ်ထွက်မယ်လို့ ကြေငြာခဲ့ပြီး နောက် စီးပွားရေး၊ ကုန်သွယ် ရေးနဲ့စက်မှုဝန်ကြီးဌာနကလည်း နှုတ်ထွက်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ဒါပေမဲ့ လက်ရှိ အခြေအနေအရ စီးပွားရေးလုပ်ငန်းတွေကနေ နှုတ်ထွက်မှု သက်သက်ဟာ နောက်ပိုင်းမှာ စီမံကိန်းအတွက် ပေးဆောင်ရမယ့် အခွန်အခတွေနဲ့ ဝင်ငွေတွေဟာ စစ်ကောင်စီလက်ထဲသို့ ရောက်ရှိသွားမှာ ဖြစ်တာကြောင့် အခုလို ထွက်ခွာခြင်းက တာဝန်ယူမှုကင်းမဲ့စွာ တနည်းအားဖြင့် ဂုဏ်သိက္ခာကင်းမဲ့စွာ နှုတ်ထွက်ခြင်းသာ ဖြစ်ပါတယ်။
ဒါ့အပြင် ရဲတံခွန်စီမံကိန်းမှာ အမြတ်အစွန်း နည်းပါးလျော့ကျလာခြင်းနဲ့အတူ တူးဖော်ရေးစာချုပ် ဟာလည်း နောက်နှစ်အနည်းငယ်အတွင်း သက်တမ်းကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။
ဒီလို အခြေအနေမျိုးမှာ ဓါတ်ငွေ့လုပ်ကွက်တွေကို စနစ်တကျ ပိတ်သိမ်းခြင်းမပြုလုပ်ပါက သဘာဝပတ်ဝန်း ကျင်နဲ့ လူမှုရေးဆိုင်ရာဆိုးကျိုးသက်ရောက်မှုတွေ ကြီးမားလာနိုင်မယ့် အန္တရာယ်လည်း ရှိနေတာပါ။
၎င်းတို့ စီပွားရေးလုပ်ငန်းတွေက ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနေခဲ့တဲ့ ကုမ္ပဏီတွေနဲ့ ဂျပန်အစိုးရတို့ဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေနဲ့ ကမ္ဘာ့မျိုးဆက်သစ်တွေကို အခုလို ဘေးအန္တရာယ်တွေ ကျရောက်စေမှာကို လိုလားမှာမဟုတ်ပေ။
ဂျပန်အစိုးရ၊ ENEOS (JX Petroleum Development) နဲ့ Mitsubishi Cooperation တို့အနေနဲ့ အောက်ပါ အချက်တွေကို ဆောက်ရွက်ကာ တာဝန်သိသိ ဂုဏ်သိက္ခာရှိစွာ ရုတ်သိမ်းပေးဖို့ JFM က တိုက်တွန်းထားပါတယ်။
– နှုတ်ထွက်ချိန်မှာ ရဲတံခွန်စီမံကိန်းရဲ့ အမြတ်ငွေတွေကို အကြမ်းဖက်စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်သို့ မရောက်ရှိအောင် တားဆီးပေးဖို့
– ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သဘာဝပတ်ဝန်းကျင်ကို လျစ်လျူရှုတဲ့ အကြမ်းဖက် စစ်တပ်ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း MOGE ဟာ လုပ်ကွက်တွေကို စနစ်တကျပိတ်သိမ်းမယ့် အစီအမံတွေ ဆောင်ရွက်မှာမဟုတ်ပေ။ ရဲတံခွန် စီမံကိန်းက အမြတ် အစွန်းတွေ ရရှိထားတဲ့ ဂျပန်ကုမ္ပဏီတွေဟာ အခြား ဖက်စပ်လုပ်ငန်းတွေနဲ့ ပူးပေါင်းပြီး သဘာဝ ဓါတ်ငွေ့ လုပ်ကွက်တွေကို ပိတ်သိမ်းဖို့အတွက် တာဝန်ယူ လုပ်ဆောင်ပေးဖို့ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဂျပန်အနေနဲ့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ ထွက်ခွာပေးဖို့ တောင်းဆိုတဲ့လှုပ်ရှားမှုမှာ အားလုံးပါဝင်ပေးကြဖို့ တိုက်တွန်းကြောင်း JFM က ဆိုပါတယ်။
တောင်းဆိုမှုအတွက် ဝင်ရောက်လက်မှတ်ထိုးဖို့လင့်
bit.ly/3NYiK04
(လက်မှတ်ထိုးပါဝင်နိုင်ရန် ပြုလုပ်ပုံအဆင့်အဆင့်ကို ပူးတွဲပါပုံမှာ ဖော်ပြထားသည်။)