ရန်ကုန်၊ ဧပြီ ၁၀
မကွေးတိုင်း ပခုက္ကူမြို့နယ် ကိုင်းရွာအနီးတွင် အကြမ်းဖက် စစ်တပ်က ဧပြီလ ၉ရက်နေ့ ညနေပိုင်း၌ လမ်းသွားလမ်းလာ လူငယ် ၁ဦးကို ပစ်ခတ်ဖမ်းဆီးကာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ပခုက္ကူ-မြိုင် လမ်းပိုင်းရှိ အင်ပင်ကျေးရွာနှင့် ယောင်းမစွန် ဆီဆိုင်အနီးတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးနောက် ပခုက္ကူမြို့သို့ ပြန်လာစဉ် လမ်းတလျောက် သေနတ်များ ပစ်ခတ်ခဲ့ပြီး လမ်းသွားလမ်းလာ လူငယ် ၁ဦးကို ထိမှန်ခဲ့ကာ ဖမ်းဆီးခဲ့ပြီး မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကိုင်းရွာအနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ပခုက္ကူကို ပြန်လာတဲ့ စစ်ခွေးတွေ သေနတ်တွေ ရမ်းပစ်လို့ လူငယ် တစ်ဦးကျည်သွားတယ်။ အဲတာကို ဖမ်းဆီးပြီး မီးရှို့သတ်လိုက်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး Earthquake People’s Defence Force – UG တပ်ဖွဲ့က စစ်ကောင်စီတပ်ဖွဲ့များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် အသက်၂၀နှစ်အရွယ် လူငယ် ၁ဦး ကျည်ထိမှန်ကာ ဖမ်းဆီး မီးရှို့သတ်ဖြတ်ခဲ့သည့်အတွက် မိမိတို့အဖွဲ့များမှ အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ပခုက္ကူခရိုင် ပေါက်မြို့နယ် ပဲခင်းကျယ်ရွာနှင့် ပခုက္ကူမြို့နယ် ကမ္မမြို့အကြား ပေါက်လမ်းပိုင်းတွင် ဧပြီလ၆ရက်နေ့က အမျိုးသား ၂ဦး ဆိုင်ကယ်စီးသည်ဆိုကာ မောင်ဝေယံထွန်းနှင့် အဖော်ပါလာသူ သူငယ်ချင်း ဖြစ်သူတို့ကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း သိရသည်။
စစ်တပ်က ပစ်သတ်လိုက်သော မောင်ဝေယံထွန်းနှင့် အမည်မသိ သူငယ်ချင်းဖြစ်သူတို့၏ ရုပ်အလောင်းများကို စစ်တပ်က မိသားစုများထံ ပြန်လည် ပေးအပ်ခြင်းမရှိဘဲ ဧပြီလ ၇ရက်နေ့ နံနက် ၃ နာရီခန့်တွင် စစ်တပ်က မီးရှို့ သြင်္ဂိုလ်လိုက်ကြောင်း သိရသည်။
အလားတူ ပခုက္ကူမြို့ပေါ်တွင် စစ်တပ်၊ရဲနှင့် ယာဉ်ထိန်းရဲများက ယနေ့ ဧပြီလ ၁ဝရက်နေ့ စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်နေပြီး အမျိုးသား ၂ဦး ဆိုင်ကယ် စီးနင်းသူများကို အများဆုံးဖမ်းဆီးနေကာ ဖုန်းထဲတွင် နိုင်ငံရေး post မရှိလျှင် ပိုက်ဆံ ၃သောင်းကျပ် ဒဏ်ရိုက်ပြီး ပြန်လွှတ်ပေးကာ နိုင်ငံရေး post ရှိရင် ပြန်လွှတ်မပေးဘဲ ဖမ်းဆီးထားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။
” ပညာရေးမှူး ဒေါ်တင်တင်ရီ သတ်ခံရတဲ့ ဖြစ်စဉ် ဖြစ်ပြီးနောက်ပိုင်းမှာ အမျိုးသား ၂ဦး ဆိုကယ်စီးတယ်ဆို တွေ့တာနဲ့ ဖမ်းတယ်။ ပစ်တယ်။ မကွေး တိုင်းမှူးကိုယ်တိုင် ဦးစီးပြီး သောင်းကျန်းနေတာ လို့သိရတယ်။ ဖုန်းတွေလည်း စစ်တယ်။ နိုင်ငံရေး Post တွေရှိရင် ဖမ်းတယ်။ မရှိရင် ၃သောင်းပေးရတယ်။ ပြန်လွှတ်တယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
Photo – ပခုက္ကူမြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ စစ်ဆေးမှု ပြုလုပ်နေပုံ