ရန်ကုန်၊ ဧပြီ ၁၃
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ ဘီးလင်းမြို့နယ်၊ လေးကေကျေးရွာတွင် စခန်းချတပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီစခန်းကို
KNLA၊ KNDO၊ Black Warriors Force (PDF) ပူးပေါင်းတပ်ဖွဲ့က ယနေ့ ဧပြီလ ၁၃ ရက် နံနက် ၆ နာရီ ၁၀ မိနစ်တွင် ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။
KNLA ပူးပေါင်းအဖွဲ့က RPG၊ ၇၉ မမ အပါအဝင် လက်နက်ငယ်များဖြင့် လေးကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အနီးကပ်ဝင်ရောက်ပြီး အလစ် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း Black Warriors Force က သတင်းထုတ်ပြန်ထားသည်။
အထိနာသော စစ်ကောင်စီတပ်ဖွဲ့သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်သဖြင့် KNLA ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရမှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လေးကေကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းရရှိသည်။
ဓါတ်ပုံ – KNLA တပ်မဟာ ၁ ပူးပေါင်းတပ်ဖွဲ့ဝင်များ