ရန်ကုန်၊ ဧပြီ ၂၃
မကွေးတိုင်း ပေါက်မြို့နယ် ကျောင်းကုန်းရွာကို အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ဧပြီလ ၂၂ ရက်နေ့ ည ၇ နာရီ ၁၅မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဒုတိယအကြိမ် မီးတင်ရှို့နေကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သော Pauk Alliance Group အဖွဲ့ထံမှ သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များနှင့် ကွမ်းခြံများကိုပါ မီးရှို့ဖျက်ဆီးနေကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း ကားများဖြင့် တင်ဆောင်ကာ ခိုးယူ လုယက်နေကြောင်း သိရသည်။
” ဒီးဒုတ်ကွင်းရွာက ပျူတွေနဲ့ စစ်ခွေးတွေ ည ၇ နာရီ၁၅မိနစ်လောက်က စပြီး ရှို့နေတာ ယခု အချိန်နဲ့ဆို ဒုတိယအကြိမ် အရှို့ခံရတာလို့ သိရပါတယ်။ ကွမ်းခြံတွေကိုပါ ရှို့နေတာလို့ ကြားတယ်။ နောက်ပြီး ကျောင်းကုန်းရွာ ထဲမှာရှိတဲ့ ပြည်သူပိုင် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုလည်း ကားပေါ်တင်ပြီး ခိုးယူ လုယက်နေတယ်” ဟု Pauk Alliance Group အဖွဲ့ထံမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဧပြီလ ၇ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ကျောင်းကုန်းရွာကို ဝင်ရောက်စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၇၅ လုံး မီးလောင် ပြာကျခဲ့ပြီး ယခု လည်း ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေကာ ပျက်စီးဆုံးရှုံးမှု အခြေအသေးစိတ်ကို မသိရှိရသေးကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။