ရန်ကုန်၊ ဧပြီ ၂၄
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် တစ်နေ့လျှင် စားစရိတ်ငြိမ်း၊ ငွေကျပ် ၇၀၀၀ ဖြင့် အသက်ကန့် သတ်ချက် မရှိဘဲ စစ်တပ်နှင့်အတူ လုံခြုံရေး အလုပ် လုပ်ကိုင်ရန် လျှောက်ထားနိုင်သည်ဟု ရပ်ကွက်ရုံးများတွင် ကြေညာနေကြောင်း သိရှိရသည်။
ဘားအံမြို့နယ်ရှိ စစ်တပ်ထောက်ခံသူများ၊ ပျူစောထီးများ၊ စစ်မှုထမ်းဟောင်းများအနေဖြင့် စစ်ကောင်စီ၏ ရုံးဌာနများ၊ ကျောင်း၊ ဆေးရုံများတွင် စစ်တပ်နှင့်အတူ ပူးတွဲ လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ကြောင်း၊ ယူနီဖောင်း ၃ စုံပေးမည်ဖြစ်ပြီး နေ့စဉ် ငွေရှင်းပေးမည်ဖြစ်ကြောင်း၊ စစ်တပ်နှင့်အတူ လုံခြုံရေး ပူးတွဲ တာဝန်ထမ်းဆောင်လိုပါက ရပ်ကွက်ရုံးများမှတစ်ဆင့် စာရင်းပေးသွင်း အလုပ်လုပ်နိုင်ကြောင်း သိရှိရသည်။
အလားတူ ရန်ကုန်မြို့တော်တွင်လည်း စစ်တပ်သတင်းပေးများစုဆောင်းနေကြောင်း၊ PDF နှင့် စစ်တပ်ဆန့်ကျင်သူများ၏ သတင်းကို စစ်တပ်နှင့်ရဲထံပေးလျှင် တစ်ဦး ဖမ်းမိပါက ငွေကျပ် ၁ သိန်းနှုန်းဖြင့် ပေးအပ်မည်ဖြစ်ကြောင်း၊ လုံခြုံရေးအတွက် တာဝန်ယူပေးမည်ဖြစ်ပြီး လိုအပ်ပါက ရဲစခန်းနှင့်တပ်စခန်းများတွင် မိသားစုလိုက် ပြောင်းရွှေ့ နေထိုင်ခွင့်ပြုမည်ဟုဆိုကာ စစ်ကောင်စီသတင်းပေး အလုပ်များ ခေါ်ယူနေကြောင်း သိရှိရသည်။
“စစ်တပ်သတင်းပေးအလုပ်ကတော့ အုပ်ကြီးတွေနဲ့ တွဲလုပ်ရမယ်။ စားတာသောက်တာ အုပ်ကြီးတွေက ကျွေးမယ်။ သတင်းပေးလို့ တစ်ဦးမိရင် ၁ သိန်း စစ်တပ်က ပေးမယ်။ လက်ငင်း ငွေရှင်းမယ်ပေါ့။ နှစ်လုံးထီချဲရောင်းတာတို့ အဲဒါတွေလည်း လုပ်ချင်ရင် လုပ်ခွင့်ပေးမယ်။ မဖမ်းဘူးလို့ပြောတယ်။ ရပ်ကွက်တွေထဲမှာ အဲဒါတွေ စုဆောင်းနေတယ်” ဟု အရှေ့ဒဂုံမှ ပြည်သူတစ်ဦးက ပြောဆိုသည်။
ဓာတ်ပုံ- စမ်းချောင်းမြို့နယ် ထွေ/အုပ်ရုံးတွင် စစ်တပ်၊ ရဲ၊ သတင်းပေးများ ပူးတွဲ မြင်တွေ့ရစဉ်။ (ပုံအဟောင်းဖြစ်သည်)