25 C
Yangon

NUG ၏ ကြေညာချက်ကြောင့် စစ်တပ်ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များ လုံခြုံရေးအတွက် ကင်းစောင့်ခိုင်း၊ လေယာဉ်သိုလှောင်ရုံများတွင် နေရာစုံ CCTV များတပ်ဆင်

Must read

ရန်ကုန်၊ ဧပြီ ၂၄

အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်တပ်၏ လေယာဉ်၊ ရေယာဉ်၊ ရဟတ်ယာဉ်၊ စက်ယာဉ်ယန္တယားများ ယူဆောင်ခြင်း၊ ဖျက်ဆီးခြင်းများ လုပ် ဆောင်ပေးလျှင် သိန်း ၂၀၀၀ မှ သိန်း ၁သောင်းအထိ ချီးမြှင့်မည်ဟု ကြေညာ ချက် ထုတ်ပြန်ပြီးနောက် ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များအတွက် လုံခြုံရေး များ ချနေရကြောင်း စစ်တပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စစ်ကောင်စီက ရဟတ်ယာဉ်နှင့်လေယာဉ်များ ထားရှိသော သိုလှောင်ရုံများတွင် CCTV များ နေရာစုံ ထားရှိသည့်အပြင် လုံခြုံရေးကင်းများပါ ထပ်မံချထားကြောင်း သိရှိရသည်။

“လေယာဉ်ရုံတွေမှာ CCTV တပ်တာ ဖေဖော်ဝါရီလ မှော်ဘီ တိုက်လေယာဉ် ၂ စင်း ဗုံးခွဲကတည်းက ။ အခုတော့ ထောင့်စုံနေရာစုံက ထပ်တပ်တယ်။ လေ ယာဉ် ရုံနဲ့ သိုလှောင်ရုံတွေကို ကင်းတွေပါ ထပ်ချတယ်။ အခုက ဖျက်ဆီးပေးရင်လည်း ဆုငွေ ဘယ်လောက်ရမယ်ဆိုတာမျိုးဆိုတော့ လုံခြုံရေး တင်းကျပ်ထားတာ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီက လေတပ်အတွင်း စီနီယာအလိုက်မဟုတ်တော့ဘဲ ၎င်းတို့ ယုံကြည်စိတ်ချရသူများကို ရာထူးတိုးပေးသည့် စနစ်များ ကျင့်သုံးလာကြောင်း လေတပ် သတင်းရင်းမြစ်တစ်ခုဖြစ်သော Operation Spitfire ထံမှ သိရှိရသည်။

NUG က မည်သူမဆို-

(က) ပြည်သူလူထုအား ပစ်ခတ်တိုက်ခိုက်မှု အလျဉ်းမပြုလုပ်ဘဲ၊ လေယာဉ်၊ ရဟတ်ယာဉ်၊ တိုက်ရေယာဉ်နှင့်တကွ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၅ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၁၀,၀၀၀။

(ခ) တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များအား အကြမ်းဖက်စစ်တပ် အခြေစိုက်စခန်းတွင် ရပ်နားထားစဉ် အကြီးစားပျက်စီးမှု ဖြစ်သည့်အထိ ဖျက်ဆီးနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်‌ ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဂ) အကြမ်းဖက်တိုက်ခိုက်ရန် ပျံသန်း/ထွက်ခွာလာစဉ် လမ်းခုလတ်၌ တနည်းနည်းဖြင့် ပျက်စီးစေရန် စွမ်းဆောင်နိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း(သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(ဃ) ပစ်မှတ်သို့ ရောက်ရှိအောင် ပျံသန်းလာပြီး ပြည်သူလူထုအား ဗုံးကြဲတိုက်ခိုက်မှုမပြုလုပ်ဘဲ ရည်ရွယ်ချက်ရှိရှိ ထိုးစိုက်ပျက်ကျအောင် စွမ်းဆောင်နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(င) လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့လေယာဉ်၊ တိုက်ရေယာဉ်များကို အကြီးစား ပျက်စီးသည်အထိ ပစ်ခတ်ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၃သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၆,၀၀၀။

(စ) တိုက်လေယာဉ်ဆီ သိုလှောင်ကန်များအား ထိရောက်စွာ ဖောက်ထုတ်၊ ဖျက်ဆီးနိုင်လျှင် တစ်ကန်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဆ) အကြမ်းဖက်စစ်တပ်၏ လက်နက်တိုက်၊ လက်နက်စက်ရုံများအား ဖောက်ခွဲဖျက်ဆီး နိုင်လျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဇ) မြေပြင်ထိုးစစ်တွင် အသုံးပြုသော တင့်ကား၊ သံချပ်ကာယာဉ်များနှင့်အတူ ပြည်သူ့ရင်ခွင် သို့ ခိုလှုံလာလျှင် တစ်စီးလျှင် ဆုငွေ အမေရိကန်ဒေါ်လာ ၁ သိန်း (သို့) မြန်မာကျပ်ငွေ သိန်း ၂,၀၀၀။

(ဈ) တင့်ကား၊ သံချပ်ကာယာဉ်များအား လုံးဝပြန်လည်အသုံးပြု၍ မရသည်အထိ ပစ်ခတ် ချေမှုန်းနိုင်လျှင် တစ်စီးလျှင် ဆုငွေအမေရိကန် ဒေါ်လာ ၁ သိန်း (သို့) မြန်မာ ကျပ်ငွေ သိန်း ၂,၀၀၀။

(၅) ဆုချီးမြှင့်ငွေများအား အချက်အလက် ခိုင်လုံစွာ တင်ပြနိုင်သည့် အစုအဖွဲ့လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ ခံစားခွင့် ရှိသည်။

(၆) ဤအမိန့်အရ ချီးမြှင့်သည့် ဆုကြေးငွေများလက်ခံရယူခြင်းနှင့် ဆောင်ရွက်ချက်များအား The Public Property Protection Act-1947 အရ တရားစွဲဆို၊ အရေးယူ၊ အပြစ်ပေးခံရခြင်း မရှိစေရ။

(၇) ဤအမိန့်အား The Public Property Protection Act-1947, Section 3(b) ပါ ပြဌာန်းချက်နှင့်အညီ ထုတ်ပြန်ကြောင်း တရားဝင် အမိန့်ကြေညာချက် ဧပြီလ ၇ ရက်နေ့တွင် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article