ရန်ကုန်၊ ဇွန် ၁၇
ရခိုင်ပြည်နယ်၊ တောင်ကုတ် တက္ကသိုလ်ဝင်းကို အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ကျရောက် ပေါက်ကွဲခြင်းကြောင့် သင်တန်းရေးရာဌာနမှူး အိမ်နှင့် ကား ထိခိုက် ပျက်စီးခဲ့ကြောင်း ဒေသတွင် သတင်းရင်းမြစ်များထံမှ သိရသည်။
ယနေ့ ဇွန်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် တောင်ကုတ်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် တောင်ကုတ် တက္ကသိုလ်ဝင်းထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး သင်တန်းရေးရာဌာနမှူး ဦးအောင်စိုး နေအိမ်နှင့် ကား အားလုံး ပျက်စီးသွားကြောင်း သိရှိရသည်။
ထို့ပြင် ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲပိုင်းမှစ၍ ယနေ့အချိန်အထိ တောင်ကုတ်မြို့နယ်တွင် AA နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် AA နှင့် အကြမ်းဖက် စစ်တပ်တို့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်၍ ရွာသစ်ကယ်ကျေးရွာမှ အသက် ၁၇ နှစ်အရွယ် မောင်အောင်လှိုင်ဝင်း ဝမ်းဗိုက်ကို ဗုံးစထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။
AA က သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်နေချိန် မိုင် ၄၅ မိုင်ခန့်ဝေးကွာသည့် တောင်ကုတ်မြို့နယ်တွင်လည်း တစ်ပြိုင်တည်း တိုက်ပွဲ ဖော်ဆောင်နေခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ် အနေဖြင့် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သား ပြည်သူများထိုင်သည့် မြို့နှင့် ရွာများကို ဦးတည်မတိုက်ခိုက်ရန် ဒေသခံများက တောင်းဆိုနေကြသည်။
” စစ်ကောင်စီကို မေတ္တာရပ်ခံချင်တာက တိုက်ပွဲနဲ့ဆိုင်တာကိုပဲ တိုက်ခိုက်ဖို့ ပြောလိုပါတယ်။ ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ မြို့တွေကို ဦးတည်ပစ်မှတ်ထား မတိုက်ခိုက်ဖို့ မေတ္တာရပ်ခံပါတယ်။ AA ကို မနိုင်လို့ ပြည်သူတွေကို တမင်ပစ်ခတ် တိုက်ခိုက်နေတာက စစ်တပ်ရဲ့ ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ အနေဖြင့် တောင်ကုတ်မြို့နယ်တွင် တိုက်ပွဲရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးများ ပစ်ခတ်နေ၍ မြို့ခံများ အားလုံးနှင့် အနီးအနား ကျေးရွာမှ ဒေသ ပြည်သူများမှာ အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရကြောင်း သိရသည်။
အာရက္ခတပ်တော် AA ကလည်း စစ်ကောင်စီ (မြန်မာစစ်တပ်) အနေဖြင့် ရခိုင်တိုက်ပွဲများတွင် စစ်ကို စစ်နှင့်တူအောင် တိုက်ခိုက်ရန် လိုအပ်ပြီး စစ်ပွဲနှင့်မဆိုင်သည့် ရပ်ရွာ၊ မြို့နှင့် ဆေးရုံး၊ ဆေးခန်းများပါအဝင် ဘာသာရေးအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာဒေသများသို့ ဦးတည်မတိုက်ခိုက်ရန် တောင်းဆိုထားကြောင်း သိရှိရသည်။
ရခိုင်ပြည်အတွင်းက စစ်ကောင်စီတပ်စခန်းများ အားလုံးကို တိုက်ခိုက်သွားမည်ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး လက်နက်ချအညံ့ခံရန်နှင့် လက်နက်ချ အညံ့မခံပါက အသက်ဆုံးရှုံးရမည်ဟု AA က သတိပေးထားသည်။
(Western News သည် ရန်ကုန်ခေတ်သစ် မီဒီယာ၏ မိတ်ဖက် ဖြစ်သည်)