29 C
Yangon

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု များပြားနေသော်လည်း ကာလဝမ်းရောဂါ ကူးစက်မှု ဟုတ်၊ မဟုတ် ကျန်းမာရေးဝန်ကြီးဌာနကကြေညာမှသာ အတည်ပြုနိုင်

Must read

ရန်ကုန်တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု များပြားနေသော်လည်း ကာလဝမ်းရောဂါ ကူးစက်မှု ဟုတ်၊ မဟုတ် ကျန်းမာရေးဝန်ကြီးဌာနကကြေညာမှသာ အတည်ပြုနိုင်

■ ရေကိုကြိုချက် သောက်သုံးရန်နှင့် အစားအစာသန့်ရှင်းမှု အဓိက အလေးထားကြရန် တိုက်တွန်း

ရန်ကုန်၊ ဇူလိုင် ၆

ရန်ကုန်တိုင်းအတွင်းတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှုများ များပြားနေသော်လည်း ယင်းသို့ ဖြစ်ပွားမှုမှာ ကာလဝမ်းရောဂါကူးစက်မှုဟု မပြောနိုင်သေးကြောင်း မရမ်းကုန်းမြို့နယ်၊ သာကေတမြို့နယ်နှင့် ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းတချို့မှ အထွေထွေရောဂါကုဆရာဝန်များက ပြောဆိုကြသည်။

ဇွန်လလယ်ပိုင်းမှစတင်၍ ရန်ကုန်မြို့အတွင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများ များပြားလာကြောင်း၊ သာမန်ဆေးခန်းတစ်ခုတွင်ပင် နေ့စဉ် လူနာ ၅၀ ခန့်လာရောက်ပါက ဝမ်းပျက်ဝမ်းလျှောဖြစ်ပွား သော လူနာ ၁၅ ဦးခန့်ပါဝင်ကြောင်း၊ သို့ရာတွင် ဝမ်းပျက်ဝမ်းလျှောရောဂါသည် ကူးစက်မြန် ကာလဝမ်းရောဂါဟု မပြောနိုင်ကြောင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါများဖြစ်ပွားနေမှု များပြားနေသည်ဟုသာ ပြောဆိုနိုင်ကြောင်း သာကေတမြို့နယ်၊ ဝက်စုရပ်ကွက်မှ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဖျားတယ်။ ဝမ်းလျှောတယ်။ အဲဒါမျိုး လူနာတွေတော့ များတယ်။ ဝမ်းပျက်လူနာများတယ်။ ဒါပေမယ့် ကာလ ဝမ်းရောဂါ Cholera လို့တော့ ပြောလို့မရပါဘူး။ အဲဒါမျိုးပြောလို့ရတာက ကျန်းမာရေးဝန်ကြီးဌာနကပဲ ပြောလို့ရမယ်။ ကာလဝမ်းရောဂါဖြစ်ကြောင်း သေချာတဲ့ ဓာတ်ခွဲခန်းအဖြေ၊ ရောဂါ ဖြစ်ပွားမှုနှုန်း၊ နောက်တစ်ခါ ကူးစက်မှုကျယ်ပြန့်သလား ၊ ဘယ်လောက်ရာခိုင်နှုန်းရှိလဲ အဲဒါတွေကို အကုန်တွက်ချက်ပြီးမှ ကာလဝမ်းရောဂါ ကူးစက်ပြန့်ပွားတယ်ဆိုတာမျိုး ကြေညာတာ၊ ပြောလို့ရတာ။ အချက်အလက်နဲ့ ကိန်းဂဏန်းတွေအရပဲ ကာလဝမ်းရောဂါ ဟုတ်၊ မဟုတ်နဲ့ ကူးစက်မှု ဖြစ်ပွား သလား၊ မကူးစက်ဘူးလားဆိုတာ ပြောလို့ရပါတယ်။ တကယ် ကာလ ဝမ်းရောဂါ ပြန့်ပွား ကူးစက်ပြီလို့ ကြေညာရင်လည်း ကူးစက်ရောဂါတွေကို ကုရမယ့် ဆေးရုံမျိုးတွေမှာပဲ ကုသခွင့်ရှိပါတယ်။ အခုကတော့ ကျနော်တို့ ပြောလို့ရတာက ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်ကြတယ်။ မိုးတွင်းကာလမှာ ဒါမျိုးကလည်း ဖြစ်နေကြပဲ။ ဒီနှစ်ကတော့ လူနာအရေအတွက် ပိုများလာတယ်။ ဒီလိုပဲ ပြောလို့ရတယ်” ဟု ရန်ကုန်အခြေစိုက် သုခ အထူးကုဆေးခန်းမှ အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လတ်တလော လူနာအများစုတွင် ဝမ်းကိုက်သကဲ့သို့ ဗိုက်ရစ်ခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့သော ဝမ်းပျက်ရောဂါများအဖြစ်များပြီး လက်ခံကုသပေးရကြောင်း၊ အများစုမှာ ဆေးကုသမှု ခံယူပြီးသည်နှင့် ပြန်လည်ကောင်း မွန်သွားပြီး အဖိတ်အစင် မရှိကြောင်း သာကေတမြို့နယ်မှ အထွေထွေရောဂါကုဆရာဝန်က ဆိုသည်။

“ချီးပန်းတယ်၊ ဝမ်းကိုက်တယ်၊ ဗိုက်နာတယ်နဲ့ ဆေးခန်း လာကြတာရှိတယ်။ လိုအပ်တဲ့ဆေးပေးပြီး ၅ ရက်ဆိုတာနဲ့ ပြန်ကောင်းသွားကြပါတယ်။ အပြင်း အထန် ဖြစ်တဲ့ လူနာမျိုးတော့ ဆေးခန်းကို မရောက်လာဘူး။ ဝမ်း လျှောပြီး ဆုံးတာမျိုးတော့ မရှိပါဘူး” ဟု သာကေတမြို့နယ်မှ ဆရာဝန်က ဆိုသည်။

သာမန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေ၊ ကူးစက်မြန် ကာလဝမ်းရောဂါဖြစ်စေ ပြည်သူများအနေဖြင့် သတိ ထား သင့်ပြီး ရေကို ကြိုချက်သောက်သုံးရန်၊ လမ်းဘေးအစားအစာများ မစားရန်၊ အစားအစာသန့်ရှင်းမှုကို အလေး ထားကြရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားလာပါက မပေါ့ဆဘဲ ဆေးရုံဆေးခန်းပြသ ကုသကြရန် ဆရာဝန်များက တိုက်တွန်းပြောဆိုသည်။

” သာမန်ပဲ ဖြစ်ဖြစ်၊ ကာလဝမ်းရောဂါပဲဖြစ်ဖြစ် ဝမ်းပျက်ဝမ်းလျှော ဖြစ်လာပြီးတော့ အရမ်းဆိုးရွားလာရင် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံးပြီး နာရီပိုင်းအတွင်း အသက်ပါသွားနိုင်ပါတယ်။ ဒါကြောင့် ဝမ်းပျက် ဝမ်းလျှောဖြစ်လာရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်၊ ဆေးဝန်ထမ်းတွေနဲ့ကုသမှု ခံယူပါ။ ဆေးရုံ ဆေးခန်းသွားပါ။ ဝမ်းပျက်ဝမ်းလျှော ပြင်းထန်ရင် ဆေးရုံ၊ ဆေးခန်းမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကုသမှု ခံယူမှ အမြန် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါကို မဖြစ်အောင်လည်း ကာကွယ်နေထိုင်သင့်ပါတယ်။ မသန့်တဲ့အစားအစာနဲ့ မသန့်တဲ့ရေ ကို မသောက်သုံးဖို့ လိုပါတယ်” ဟု သုခဆေးရုံမှ အထွေထွေရောဂါဆရာဝန်က အကြံပြုပြောဆိုသည်။

လက်ရှိတွင် ရန်ကုန်အခြေစိုက် ပရဟိတအဖွဲ့များ၊ ကျန်းမာရေး ကူညီစောင့် ရှောက်နေသော စေတနာအဖွဲ့အစည်းများက ဝမ်းပျက်ဝမ်းလျောရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ အထူးသတိပြုကြရေး နှိုးဆော်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- ရန်ကုန်ပြည်သူ့ဆေးရုံကြီး ၊ ပြင်ပလူနာကုဌာနကို ယခုနှစ် ဧပြီလအတွင်း တွေ့ရစဉ် ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article