28 C
Yangon

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့်တွေ့ဆုံခြင်း အပိုင်း ၁

Must read

“တပ်မဟာ ၆ ဘက်မှာ ဘုရား သုံးဆူ။ မြို့ကတော့ အပိုင်အနိုင် မသိမ်းဘူးဆိုပေမယ့် အုပ်ချုပ်ရေးလုပ်ငန်းတစ်ခုလုံးက ပျက်ပြားပြီးတော့ ဒေသတစ်ခုလုံးက ကျနော်တို့ လက်ထဲမှာပဲ ရှိတယ်။ ဖာပွန်လိုမျိုးဆိုတာလည်း အဲဒီလိုပဲ။ ကျောက်ကြီးမှာလည်း အဲဒီလိုပဲ”

By ရန်ကုန်ခေတ်သစ်

KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးနှင့်တွေ့ဆုံခြင်း အပိုင်း ၁

ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် တော်လှန်ရေးကာလ ၃ နှစ်ကျော်ကြာမြင့်လာချိန် တော်လှန်ရေး စစ်ပွဲ ဆင်နွှဲနေမှု အခြေအနေ၊ နယ်မြေသိမ်းပိုက်မှု အနေအထား၊ နိုင်ငံတကာနှင့်ဆက်ဆံရေး အခြေအနေများနှင့်ပတ်သက်ပြီး KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးကို တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ KNU စစ်ဦးစီးချုပ်အပြောင်းအလဲ ဖြစ်တယ်၊ နောက်ပြီးတော့ နာယကတွေ ဖယ်ရှားတယ်။ နောက် ပြီးတော့ တပ်မဟာ ၆ ရဲ့ အကြီးအကဲတွေ အပြောင်းအလဲ ဖြစ်တယ်ဆိုပြီးတော့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးတော့ ဆရာတို့ KNU အနေနဲ့ တရားဝင် ဘာများပြောလို့ရမလဲ ။

ဖြေ။ ။ ဟုတ်ကဲ့ ခင်ဗျာ။ အဲဒီ သတင်းက လုံးဝ မဟုတ်ပါဘူးလို့ပဲ ကျွန်တော်တို့ ပြောရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်မှာ အထူးသဖြင့် KNU ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍနဲ့ အဲဒီ နိုင်ငံရေးဦးဆောင်မှုအပေါ်မှာ အကောင်အထည်ဖော်တဲ့ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေး အခန်းကဏ္ဍလည်း ပုံမှန်အတိုင်းပါပဲ။ သူလုပ်စရာရှိတာ လုပ်နေတာပဲ ဆိုတော့။

ကျွန်တော်တို့ကလည်း အဲဒီအပေါ်မှာ ဘာမှကို တုန်တုန်လှုပ်လှုပ်ဖြစ်စရာ ဘာတစ်ခုမှ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်ပေါ်လာတဲ့ သတင်းတွေကတော့ ဘာမှ အခြေအမြစ်မရှိဘူးလို့ပဲ ပြောရမယ်။ လက်ရှိကာလမှာ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌသည် ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းထဲမှာရှိတဲ့ တာဝန်အကြီးဆုံး အမြင့်မားဆုံးမှာ တာဝန်ယူတဲ့သူ ပုံမှန်အလုပ်လုပ်နေတာပဲ။ တပ်မဟာတိုင်းမှာလည်း သူ့ဆိုင်ရာ ဆိုင်ရာ စစ်ရေးနိုင်ငံရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်နေတာပဲ ဖြစ်ပါတယ်။

မေး။ ။ ဆိုတော့ ဒီလိုမျိုး KNU ခေါင်းဆောင်ပိုင်းက အပြောင်းအလဲ ဖြစ်တယ်ဆိုတဲ့ ကောလာဟလ သတင်း တွေက ဘယ်သူတွေက ဘာကြောင့် အဲဒီလိုမျိုး ထုတ်လွှင့်နေကြလဲ ၊ ဘာကြောင့် ဒီလောက်ကြီး ကျယ်ကျယ်ပြန့်ပြန့်ကြီး ပျံ့နှံ့လာသလဲ အဲဒါကို ဆရာ ဘယ်လိုသုံးသပ်လို့ရသလဲ ခင်ဗျာ။

ဖြေ။ ။ ကျွန်တော်တို့ အနေနဲ့ကတော့ ဘာမှတော့ ထူးထူးခြားခြား မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုလုပ်လာတဲ့ အခင်းအကျင်းတွေက အခုမှလည်း မဟုတ်ပါဘူး တောက်လျှောက်ကိုပဲ တော်လှန်ရေးသက်တမ်းတစ်လျှောက်လုံးမှာ ပိုနေကြတာပဲ ။ အထူးသဖြင့် ကျွန်တော်တို့ ဒီ လက်နက်ကိုင် တော်လှန်ရေးဆင်နွှဲတဲ့အခါမှာ KNU အခန်းကဏ္ဍအဖြစ် ပြီးခဲ့တဲ့ နှစ်ပေါင်း ဟို နယ်စပ်တိုက်ပွဲအချိန်ဆို ကျွန်တော်တို့အားလုံး သိခဲ့တယ်။

အဲဒီ ပွဲတွေ ဖြစ်တဲ့အခါမှာဆိုရင် နိုင်ငံရေးရော စစ်ရေးရော အထူးသဖြင့် အဲဒီမှာ ရင်ဆိုင်တိုက်ပွဲအကြီးကြီးတွေ ဖြစ်နေတဲ့အချိန်တည်းမှာပဲ ကျွန်တော်တို့ အဖွဲ့အစည်းအတွင်းမှာ အင်အားချိနဲ့အောင် နည်းပေါင်းစုံထိုးခွဲနေတဲ့ဟာတွေ အများကြီးရှိတယ်။ ဆိုတော့ အဲဒီလိုပုံစံနဲ့လုပ်နေတဲ့ဟာ အခုဖြစ်နေတဲ့ အခြေအနေဟာလည်း တစ်ထပ်တည်းပဲ ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ သွားတွေ့ရတယ်။ အဲဒီလိုဟာမျိုးပဲ တောက်လျှောက်ပဲ လုပ်လာခဲ့တယ် ဒီနေ့ ဖြစ်ရှိနေတဲ့အခြေအနေနဲ့ သူတို့ရဲ့ လုပ်ပုံတွေကလည်း တစ်ထပ်တည်းဖြစ်နေတယ်လေ ။

ဘာမှ ထူးထူးခြားခြားတော့ မရှိဘူး။ ဘာလို့လုပ်ရလဲဆိုတော့ ဒီနေ့ ဒီအချိန် ဒီကာလမှာ စစ်ကောင်စီဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရတဲ့ နှစ်ပေါင်း ၃၀ ကျော်က ကျွန်တော်တို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ စစ်ရေးနိုင်ငံရေးအခြေအနေနဲ့ ဒီနေ့ ဒီကာလ စစ်ကောင်စီရင်ဆိုင်နေရတဲ့ စစ်ရေး နိုင်ငံရေးအခြေ အနေ လုံးဝ မတူတော့ဘူးလေ ။ နေရာတိုင်းမှာ ရှုံးပွဲတွေ ဆက်နေတယ်လေ ။

နေရာတိုင်း ဘယ်ဘက်က ကြည့်ကြည့် ရှုံးပွဲတွေ ဆက်နေတဲ့ အခါကျတော့ သူက ရလိုရငြား အဖတ်ဆယ်တဲ့အနေနဲ့ အခုကတော့ အထူးသဖြင့် ကျွန်တော်တို့လို အဖွဲ့အစည်းကြီးမျိုးဆိုရင်တော့ အဖွဲ့အစည်းတွင်းမှာ မညီမညွတ်ဖြစ်အောင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှု လွဲမှားအောင် အဖွဲ့အစည်းအတွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ ပျက်ပြားအောင် အဲဒီလိုမျိုး ထိုးခွဲနေတဲ့ဟာတွေ တောက်လျှောက်လုပ်လာတဲ့ အပိုင်းတော့ ရှိတယ်။

ဒါပေမဲ့ ခုန ကျွန်တော် ပြောသလိုပဲ စစ်ရေးအခြေအနေက လုံးဝမဟန်တဲ့အခါကျတော့ ဘယ်လောက်ပဲ ထိုးထိုး ဘယ်လောက်ပဲ လုပ်လုပ် ကျွန်တော်တို့ ဒီနေ့ ဒီ ကာလမှာ လက်တွဲပြီးလုပ်နေတဲ့ အပိုင်းတွေက ပြီးခဲ့တဲ့ ဖြစ်ခဲ့တဲ့ အခြေအနေမျိုးနဲ့ လုံးဝမတူဘူးဆိုတာ အဲဒါကတော့ ကျွန်တော်တို့ သေချာပြောလို့ရတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီဘက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်သွားနေတုန်းပဲဆိုတာကို အဲဒါတော့ ပြောပြချင်တယ်။

မေး။ ။ အခု အောင်ဇေယျစစ်ကြောင်းနဲ့ ပတ်သက်ပြီးတော့ ခုနတင်ပဲ KNLA ကနေပြီးတော့ ထုတ်ပြန်ချက်တွေ ၂ စောင်ထွက်လာတာ တွေ့ပါတယ်။ တစ်စောင်ကတော့ စစ်သားတွေ လက်နက်ချဖို့နဲ့ ပူးပေါင်းဖို့နဲ့ နောက်တစ်စောင်ကတော့ ဒီနေ့မှာကိုပဲ အောင်ဇေယျစစ်ကြောင်း နောက်တန်းကို ဒါ KNLA ကနေပြီးတော့ ဝင်ရောက်တိုက်ခိုက်တယ်၊ ပြီးတော့ အစွမ်းကုန်ရိုက်ချိုးသွားမယ်ဆိုပြီး ကြေညာချက်ထုတ်တယ်။ ဆိုတော့ ဒီ လနဲ့ချီပြီးတော့ကြာတဲ့အချိန်မှာ အောင်ဇေယျစစ်ကြောင်းရဲ့ အခြေအနေနဲ့ KNU အနေနဲ့က ဒီစစ်ကြောင်းကို ဘယ်လောက်အထိ ရိုက်ချိုးနိုင်တဲ့အနေအထားရှိလဲဆရာ အဲဒါလေးကို ရှင်းပြလို့ရမလားခင်ဗျာ။

ဖြေ။ ။ တိုတိုလေးပြောရမယ်ဆိုရင် ဧပြီလ ၇ ရက်နေ့ကစပြီး မြဝတီကို ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ဘက်ကလည်း ဗျူဟာအပါအဝင် ရှိသမျှ တပ်ရင်း ၃ ၊ ၄ ရင်းကလည်း အကုန် လုံးကျသွားတယ်ဆိုတော့ မြို့က ဘာမှ ရစရာမရှိဘူး။ အဲဒီမှာ ကျွန်တော်တို့ ပြောရမယ်ဆိုရင် အဲဒါကို ပြန်ရရေးအတွက်က ဟိုး ဧပြီလကတည်းက ပြန်ပြီးတော့ ကြိုးစားနေတာ။ တွက်ထားတာကတော့ ၄ ရက်အတွင်းကတော့ အရောက်ချီတက်မယ်။

ခန့်မှန်း ၄ ရက်ကနေ ရက် ၄၀ ၊ ရက် ၄၀ ကနေ အခုက ရက် ၈၀ ၊ ခုက ရက် ၉၀ ပြည့်တော့မယ် ၃ လပြည့်ခါနီး။ ဟိုအနေအထား ဒီအနေအထားမျိုးက ဘယ်လိုပြောရမလဲဆို‌တော့ မိုးတွင်းလည်း ကျလာတယ်။ ရှေ့တိုးလို့လည်း မရဘူး။ ထိုးတက်တိုင်း ထိုးတက်တိုင်းမှာလည်း တစ်ခါတည်း ပုံမှန် လှန်ကျနေတဲ့ဟာ ရိုးနေပြီဖြစ်သွားတဲ့အခါကျတော့ ဒါပေမဲ့ ကျွန်တော်တို့ သတိပြုမိတာ တစ်ခုကတော့ ဒီစစ်ဆင်ရေးအခုထက်ထိ မရုပ်သိမ်းဘူး။ ဆက်ပြီးတော့ တိုးနေတဲ့ဟာ ရှိတယ်။ အဲဒီတော့ အခုနောက်ပိုင်း စစ်သားသစ်တွေ ပြန်ရလာတယ်။စစ်မှုထမ်းဥပဒေအရရော ပထမအသုတ်ဆင်းလာတဲ့ဟာတွေရော ပို့လာတယ်ဆိုတာ ကျွန်တော်တို့ တွေ့လာရတယ်။ ဆိုတော့ အဲဒါက တော်တော်လေးကို ထူးတဲ့အချက်။

ဘာဖြစ်လို့လဲဆိုတော့ ဒီဟာတော့ ဘယ်လိုမှ ကျွန်တော်တို့ မြင်နေရတာက မရပ်မချင်းကို ဆက်ပြီးတော့ သွားရမယ်ဆိုတဲ့ဟာ မြင်နေရတယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်တော်လေးကို အခြေအနေတော့ မကောင်းဘူး ဒါပေမယ့် အခုကတော့ လုံးဝ ဆုတ်မိန့်မရှိဘူးဆိုတော အဲဒါသွားတွေ့နေရတယ်။ ဆိုတဲ့ အခြေအနေကတော့ ဒီလိုပဲ ရှိနေပါတယ်။

မေး။ ။ စစ်တပ်က မြဝတီကို ပြန်ရဖို့ ကြိုးစားနေတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာလည်း KNU အနေနဲ့ကျတော့ မြဝတီကို ပိုင်ပိုင်နိုင်နိုင်ရယူနိုင်တဲ့ အနေအထားမျိုး ရှိပြီလား။ လက်ရှိအနေအထားမှာပေါ့။ အောင်ဇေယျ စစ်ကြောင်းကို တားနေတဲ့ တစ်ဖက်မှာပဲ မြဝတီမြို့က KNU ရဲ့ အုပ်ချုပ်မှုအောက်ကို ဘယ်လိုအခြေ အနေမျိုးရှိလဲဆရာ အဲဒါလေးကို ရှင်းပြပေးပါ။

ဖြေ။ ။ က်ရှိအနေအထားအရ မြို့ရဲ့ လုံခြုံရေးက ရှင်းရှင်းလင်းလင်းမြင်နေရတာပဲလေ။ ရှိသမျှ တပ်ရင်းအကုန်လုံး ကျဆုံးတဲ့နောက်မှာကတော့ BGF ကနေပြီးတော့ လုံခြုံရေး ယူထားတယ်ဆိုတာ အားလုံးတွေ့နေတာပဲ။ ဆိုတော့ အဲဒီအနေအထားမှာ ရှိနေတဲ့အခါကျတော့ ကျွန်တော်တို့ဘက်ကတော့ ဒီမြို့ကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ် နိုင်ရေးအတွက် ကျွန်တော်တို့ကတော့ အဖက်ဖက်က ပြန်ပြီတော့ စဉ်းစားနေရတဲ့ အနေအထားရှိတယ်။

တွက်ချက်ပြီးတော့ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင် ဧပြီလတုန်းကပဲ ကျွန်တော်တို့ ထုတ်ပြန်ချက်တစ်စောင်ထုတ်တဲ့အခါမှာ ဒီမြို့ရဲ့ အထူးသဖြင့် အကုန်လုံးရှင်းလင်းပြီးတဲ့အခါ ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်ရေး ပြန်ချမှတ်ပြီးတော့ ထုတ်ပြန်ချက် ထုတ်ထားတဲ့အပေါ်မှာ ဒီမြို့ရဲ့ အနေအထားက စစ်ရေးတစ်ခုထဲနဲ့ ပြီးသွားတာ မဟုတ်ဘူး တခြားကိစ္စတွေ အများကြီးရှိသေးတယ်။ ထ

ည့်သွင်းစဉ်းစားရမယ့် အရာတွေပေါ့ နိုင်ငံတကာဘက်နဲ့လည်း ချိတ်ဆက်နေတဲ့ဟာတွေ ရှိတယ်။ ကုန်သွယ်ရေးလမ်းကြောင်းကလည်း ဒီနိုင်ငံထဲမှာ ဒုတိယအကြီးမားဆုံးဖြစ်တယ်။ ဆိုတော့ ဝင်ငွေကလည်း တော်တော်ကြီးနေတဲ့ အချိန်မှာ ကျွန်တော်တို့ကတော့ ဖြစ်ကတတ်ဆန်းတော့ မလုပ်ချင်ဘူး။ အုပ်ချုပ်ရေးတစ်ခု ပီပီပြင်ပြင် လုပ်နိုင်တဲ့ အနေအထားတစ်ခုရောက်အောင် ကြိုးစားနေတယ်။ အဲဒါကြောင့် အဘက်ဘက်ပြန်ပြီးတော့ စဉ်းစားတယ်။ ပြန်ပြီးတဲ့ တွက်ချက်တဲ့အခါမှာတော့ ဒီဟာကြီးပဲ တောက်လျှောက်ပြီးတော့ ဒီတစ်ခုတည်းကိုပဲ တွက်ပြီးတော့ တခြားအလုပ်လုပ်စရာမရှိတော့ဘူးဆိုတာလည်း မဟုတ်ဘူး။

အဘက်ဘက်တွက်ချက်ပြီးတော့ တခြားနေရာမှာလည်း ကျွန်တော်တို့ လုပ်စရာရှိတယ်။ အထူးသဖြင့် ကျွန်တော်တို့က ဒီ အနာဂတ်ကို တိုင်းပြည်ထူထောင်ခဲ့အခါမှာ ဒီ အုပ်ချုပ်ရေးကို အလေးအနက်ထားတယ်။ အဲဒါကြောင့်မို့လို့ အခုလုပ်စရာရှိတဲ့ဟာတွေကို ပြင်ဆင်စရာရှိတဲ့ဟာတွေကို တော်တော်များများကို တစ်ဆက်တည်းပဲ မနား တမ်းကို ပြင်နေတဲ့ အနေအထားတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တည်းမှာက စစ်ရေးကလည်း လက်လွှတ်ထားတာတော့ မဟုတ်ဘူး။

အဲဒီ စစ်ရေးကလည်း မြဝတီတစ်ခုတည်းကိုပဲ ကွက်ကွက်ထားတာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တပ်မဟာ ၂ ခုစလုံးမှာလည်း ဒေသအရ ပြောရမယ်ဆိုရင် ပဲခူးတိုင်းထဲမှာလည်း ရှိတယ်၊ တနင်္သာရီ တိုင်းထဲမှာလည်း ရှိတယ်၊ ကျွန်တော်တို့ မွန်ပြည်နယ်ထဲမှာလည်း ရှိတယ်။ ကရင်ပြည်နယ်ထဲမှာလည်း ရှိတယ်။ အဲဒါအပြင် ဒီထက် ကြီးမားတဲ့ ကျွန်တော်တို့ ရည်မှန်းချက်ကလည်း ရှိနေတဲ့အခါကျတော့ ဘာပဲ ဖြစ်ဖြစ် ဒီဟာတစ်ခုတည်းကိုပဲ အချိန်ကုန်မခံဘူး။

ဘာဖြစ်လို့လဲဆိုတော့ လုပ်ရမယ်ဆိုတာက တစ်ခါတည်း တစ်ပြင်လုံးလုပ်ရမယ့် အနေအထားမှာ ရှိတယ်။ အဲဒါကြောင့် ဒီနေရာကို ကျွန်တော်တို့ လွှတ်ထားတာလည်း မဟုတ်ဘူး။ ယာယီအားဖြင့် ထိန်းသိမ်းထားတဲ့ အနေ အထားလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ရမယ့် အနေအထားကို အချိန်ယူပြီးတော့ လုပ်နေတဲ့အပိုင်းပဲ ဖြစ်ပါတယ်။

မေး။ ။ KNU အနေနဲ့ အုပ်ချုပ်ရေး စတင်နေတဲ့ မြို့တွေလည်း ဒါ စပြီးတော့ ယန္တယား အပြည့် လည်ပတ်နေတဲ့ နေရာ ၊ ပိုင်ပိုင်နိုင်နိုင်နဲ့ စစ်တပ်ကင်းစင်သွားတဲ့ နေရာမှာ အုပ်ချုပ်နေတာမျိုးရှိပြီလား။

ဖြေ။ ။ အဲဒါကတော့ ကျွန်တော်တို့ ဟိုးတော်လှန်ရေးကာလတစ်လျှောက်လုံးမှာလည်း ကျွန်တော်တို့ အုပ်ချုပ်ရေးက တောက်လျှောက် ဒီလိုပဲ ရှိနေတာ။ ဒါပေမဲ့ ထူးခြားတာတစ်ခုက ၂၀၂၁ နောက်ပိုင်း စစ်အာ ဏာသိမ်းပြီးတာနဲ့ စစ်အာဏာရှင်အဖွဲ့ရဲ့ အုပ်ချုပ်ရေးတွေက ကျွန်တော်တို့ တိုက်စရာမလိုဘဲနဲ့ သူတို့ဘာ သူတို့ ပြန်ဆုတ်သွားတာ အများကြီးပဲ။

အဲဒါက ဘာလို့လဲဆိုတော့ သူတို့က မနိုင်မနင်းနဲ့ တစ်နိုင်ငံလုံးမှာ တော်လှန်ရေးတွေ ဖြစ်လာတဲ့အခါကျတော့ သူတို့နားမထောင်ဘဲ အုပ်ချုပ်ရေးတွေ စွန့်လွှတ်ရတဲ့ဟာ ။ အဲဒီ စွန့်လွှတ်ထားတဲ့ အုပ်ချုပ်ရေး အားလုံးကို ကျွန်တော် တို့ ပြန်ပြီးတော့ ဖြည့်စည်းပေးရတဲ့ နေရာဒေသတွေမှာ တော်တော်များများကြီး အထူးသဖြင့်ဆို တပ်မဟာ ၆ ဘက်မှာ ဘုရား သုံးဆူ။ မြို့ကတော့ ကျွန်တော်တို့ အပိုင်အနိုင် မသိမ်းဘူးဆိုပေမယ့် အုပ်ချုပ်ရေးလုပ်ငန်းတစ်ခုလုံးက ပျက်ပြားပြီးတော့ ကျွန်တော်တို့ ဒေသတစ်ခုလုံးက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိတယ်။ ဖာပွန်လိုမျိုးဆိုတာလည်း အဲဒီလိုပဲ။ ကျောက်ကြီးမှာလည်း အဲဒီလိုပဲ။ တပ်မဟာတိုင်း တပ်မဟာတိုင်း သူတို့အနေအထားတွေက အဲဒီလိုဖြစ်နေတယ်။

အဲဒါအပြင် ကျွန်တော်တို့ ဒီထက်ပိုပြီးတော့ ညောင်လေးပင်ခရိုင်မှာဆိုရင် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းကနေ စစ်တောင်းမြစ်အနောက်ဘက်ကမ်းအထိက ရန်ကုန် မန္တလေး ကားလမ်း ရထားလမ်းအထိ ကျွန်တော်တို့ တပ်တွေက ဖြတ်ထားလိုက်တဲ့အခါ အုပ်ချုပ်ရေး လုပ်ငန်းက တစ်ထပ်တည်း ပါလာတယ်။ အဲဒါတွေက ဘာပြောရမလဲဆိုတော့ ကျွန်တော်တို့ သိရသလောက် အဲဒီဒေသ တစ်ခုလုံးတစ်ခွင်လုံးက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အကုန်လုံးပျက်ကုန်တယ်။ ဆေးရုံ ဆေးခန်းတွေလည်း ဒီအတိုင်းပစ်ထားတာ။ ကျောင်းနဲ့လည်း ဒီအတိုင်းပစ်ထားတာဆိုတော့ အဲဒီဟာတွေက ကျွန်တော်တို့ရဲ့ ပညာရေး စနစ် ကျွန်တော်တို့ရဲ့ ကျန်းမာရေးစနစ်ပြန်ဝင်လာတဲ့အခါ ကျွန်တော်တို့ တော်တော်လေးကို ဝန်ပိတယ်။

ရှင်းရှင်းပြောရရင်။ ဒီဟာကို ကျွန်တော်တို့ ရုန်းကန်နေရတဲ့ တစ်ချိန်တည်းမှာပဲ မြို့တွေကိုတော့ ကျွန်တော်တို့ အပြီး အပိုင် မသိမ်းနိုင်ဘူးဆိုပေမယ့် မြို့အပြင် အုပ်ချုပ်ရေးလုပ်ငန်းအားလုံးကိုတော့ ကျွန်တော်တို့ လုပ်နေရတယ်ဆိုတာ အဲဒါတော့ ရှင်းရှင်းလင်းလင်း ဖြစ်နေရမယ်။ ဒါက တစ်နေရာတည်း မဟုတ်ဘူး။ နေရာဒေသတော်တော်များများ အဲဒီလို ဖြစ်နေတယ်ဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်။

မေး။ ။ KNU ဥက္ကဋ္ဌကြီး ဖဒိုစောကွယ်ထူးဝင်းကဂျပန်နိုင်ငံကို သွားတဲ့ ခရီးစဉ်တွေ မြင်ရတယ်။ အခု ဂျပန်ခရီးစဉ်ပဲ ပြောပါတော့။ သုံးသပ်ချက်လေး ပေးပါဦး။

ဖြေ။ ။ နိုင်ငံတကာရဲ့ အနေအထားကတော့ ကျွန်တော်တို့လည်း တော်တော်လေး အလေးထားပါတယ်။ အထူးသဖြင့် ဟိုးအရင်ကတော့ ကျွန်တော်တို့ မပြောတော့ဘူး အထူးသဖြင့် ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ စစ်ကောင်စီဘက်က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု မခံရရေး Legitimacy လို့ ပြောရမှာပေါ့နော်။ အဲဒီအပိုင်းမှာလည်း ကျွန်တော်တို့ အားကုန်ရုန်းခဲ့တယ်။ NUG တို့နဲ့ နီးနီးကပ်ကပ်ပဲ ရှိနေပါတယ်။ အထူးသဖြင့် တော်လှန်ရေးအဖွဲ့အစည်းတွေသိကြပါတယ်။ အဲဒီမှာ CNF ချင်းတို့ပေါ့နော် ဒါက အနီးကပ်ဆုံးအဖွဲ့တွေပဲ ဖြစ်ပါတယ်။

ဆိုတော့ အဲဒီလုပ်လာတဲ့ ကိစ္စမှာတော့ ဒီသံတမန်ရေး ကိစ္စမှာတော့ ကျွန်တော်တို့က ထုံးစံအတိုင်း တရားဝင် အသိအမှတ်မပြုရခင်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သိုသိုသိပ်သိပ် လုပ်ရတဲ့ အပိုင်းတွေ အများကြီး ရှိပါတယ်။ အခုထက်ထိလည်း သိုသိုသိပ်သိပ်လုပ်နေတဲ့ အပိုင်းတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဲဒီမှာ ထူးခြားချက်တစ်ခုကတော့ ကျွန်တော်တို့ မမျှော်လင့်ဘဲနဲ့ ဂျပန်နိုင်ငံမှာ ဖြစ်သွားတဲ့ကိစ္စမှာဆို ကျွန်တော်တို့ သိုသိုသိပ်သိပ်လုပ်နေတယ်ဆိုပေမယ့်လို့ အထူးသဖြင့် အစည်းအဝေးအပြီးမှာ ဂျပန်နိုင်ငံခြားရေးဌာန တရားဝင်သတင်းထုတ်ပြန်လာတဲ့အခါမှာကျတော့ ကျွန်တော်တို့ကလည်း အဲဒီဟာက ပြောရမယ်ဆိုရင် မမေးဘဲနဲ့ ကျွန်တော်တို့ နားလည်ရတဲ့ အပိုင်းတစ်ခုတော့ ဖြစ်သွားတာပေါ့ဗျာ။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာရဲ့ အစိုးရတစ်ရပ်ကနေ ဒီလို တရားဝင်ထုတ်ပြန်တဲ့ဟာ ကျွန်တော်တို့မှာ အတော်ရှားပါးတဲ့ အပြုအမူ ရှားပါးတဲ့ အတွေ့အကြုံလို့ပဲ ပြောရမှာပေါ့။ ဒါပေမဲ့ အဲဒီလို ဖြစ်လာတဲ့အခါမှာတော့ အတော်လေး ဟိုးလေးတကျော်တော့ဖြစ်သွားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ကတော့ ဘာပဲ ဖြစ်ဖြစ် ဒါက ကျွန်တော်တို့ဘက်က အင်အားတစ်ခုလို ဖြစ်သွားပြီ ။

ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သံခင်းတမန်ခင်း ဆက်သွားရမယ့် လမ်းကြောင်း ကတော့ ဘာပဲ ဖြစ်ဖြစ် ရှေ့တိုးဖို့ပဲ လိုတော့တယ်။ ဒီနေ့ ဒီကာလမှာ ကျွန်တော်တို့ အထူးသဖြင့် လက်တွဲလုပ်ဆောင်နေတဲ့ အဖွဲ့တွေ အထူးသဖြင့် K3C ရယ် ၊ သဘောထားအားဖြင့်လည်း ၂၀၂၄ နှစ်ဆန်းမှာ ဘုံသဘောထားဆိုပြီး ကျွန်တော်တို့ ထုတ်ပြန်တာလည်း ရှိတယ်။ နိုင်ငံရေး ရပ်တည်ချက်ပေါ့နော်။ Political Objective ရှင်းနေတာပဲ အဲဒီ သုံးချက်ကတော့ ဘာမှ အပြောင်းအလဲ မရှိဘူး။ စစ်တပ် နိုင်ငံရေးထွက်ပါ။ နောက်ပြီးတော့ ဒီ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲဖို့ကိုတော့ ဘာမှ ပြောစရာမရှိတော့ဘူး။

ဒါကတော့ လက်ခံရမယ်။ နောက်ဆုံးတစ်ချက်ကတော့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကိုတော့ ဘယ်လိုမှ ကျော်လွှားရှောင်တိမ်းလို့ မရတော့ဘူး ရင်ဆိုင်သွားရမယ်။ အဲဒီ ၃ ချက်ကို လက်ခံမယ်ဆိုရင်တော့ ဒီ နိုင်ငံတကာ ပြောပြောနေတဲ့ Political Dialogue ပဲ ပြောပြော ငြိမ်းချမ်းရေးဖြစ်စဉ်ပဲ ပြောပြော အဲဒါတွေက အဲဒါတွေက ဘာမှ ငြင်းစရာမရှိဘူး ဒါပေမဲ့ အဲဒီ ၃ ချက်ကို တော့ ဘာမှ ဂရုမစိုက်ဘဲနဲ့ သူ့ဘာသာ လုပ်ချင်ရာ လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဘာမှ နိုင်ငံရေး ဆွေးနွေးပွဲတွေ ပြောစရာ အကြောင်းမရှိဘူး။ ကျွန်တော်တို့ တွန်းစရာရှိတာ ဆက်ပြီးတော့ တွန်းသွားမှာပဲ ။

စစ်ရေးနည်း နိုင်ငံရေးနည်း သံတမန်ရေး နည်းနဲ့ရော စီးပွားရေး ပိတ်ဆို့မှုနဲ့လူထုလှုပ်ရှားမှု အကုန် ကျွန်တော်တို့ ဘက်စုံ ညှပ်ပြီးတော့ ဖိအားတွေ ဒီထက်ပိုပြီးတော့ ပြင်းထန်တဲ့ ပြင်းထန်အောင် ဆက်လုပ်သွားရမှာပဲ အဲဒါကြောင့်မို့ ကျွန်တော်တို့ နိုင်ငံတကာကို သတင်းပေးတဲ့အခါမှာတော့ ဘာမှကို နားလည်မှု လွဲမှားစေတဲ့ အချက် အလက်တွေ ဘယ်တော့မှ မပေးဘူး ။

အဓိက ကျတဲ့ ကျွန်တော်တို့ နိုင်ငံရေးရပ်တည်ချက်ကိုတော့ ကျွန်တော်တို့ တောက်လျှောက်ပဲ ပြောနေမှာ ဖြစ်ပါတယ်။ အဲဒီ ဂျပန်နိုင်ငံမှာ သွားတဲ့အချိန်မှာလည်း ဒီဟာပဲ ကျွန်တော်တို့ ပြောတယ်။ တခြားဟာတစ်ခုကတော့ ကျွန်တော်တို့ လူထုအတွက်လိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကတော့ ဘာပဲ ဖြစ်ဖြစ် ဒုက္ခရောက်နေတယ်။

စစ်ကောင်စီကြောင့် ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ နယ်မြေထဲမှာနေတဲ့ တစ် သန်းကျော်နေတဲ့ ကျွန်တော်တို့ IDP အတွက်ရော ဗမာပြည် တစ်ပြည်လုံးမှာ ရှိနေတဲ့ ၃ သန်းကျော်နေတဲ့ IDP ဒုက္ခသည်တွေ အတွက်ရော ဒါက နိုင်ငံတကာကတော့ လူသားချင်းစာနာထောက်ထားတဲ့ဟာ ပေးကို ပေးသင့်ပါတယ်ဆိုတာ ဒါကတော့ ကျွန်တော်တို့ ဘယ်နေရာပဲ ရောက်ရောက် ကျွန်တော်တို့ ပြောနေပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article