ရန်ကုန်၊ ဧပြီ ၂၉
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းရှိ PDF စခန်းများကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဧပြီလ ၂၉ ရက် နံနက်အစောပိုင်းတွင် ဝင်ရောက်စီးနင်းစဉ် စစ်ကူသွားသော မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် ကိုဟိန်းထက် ကျဆုံးခဲ့ကြောင်း GTR မြင်းမူအဖွဲ့က ထုတ်ပြန်သည်။
“မြင်းခြံ Zero အဖွဲ့မှ ဒုခေါင်းဆောင် CDM ရဲ ကိုဟိန်းထက် စစ်ကူသွားရင်း ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပါပြီ၊ ကျနော်တို့တစ်သက် ကျနော်တို့ရင်ထဲမှာ ဂုဏ်ရောင်ထွန်းပြောင်စွာ ကျဆုံးသွားပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးသူရဲကောင်း ကိုဟိန်းထက် (ခ) ရခိုင်အား အမြဲလေးစားဦးညွှတ်စွာနဲ့ အောက်မေ့သတိရနေပါ့မယ်ခင်ဗျာ၊ ကောင်းသောဘုံဘဝသို့ ရောက်ရှိပါစေကြောင်း ဆုတောင်းရင်း အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကတိကဝတ်ပြုပါတယ်ဗျာ၊ RIP ပါ ကိုရခိုင်ရေ ကျွန်တော်တို့GTR MMU အကုန်လုံးအကို့ကိုမမေ့ပါဘူးဗျာ” ဟု GTR MMU အဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။
မြင်းခြံ Zero အဖွဲ့၏ ဒုတိယခေါင်းဆောင်ဖြစ်သူ ကိုဟိန်းထက်သည် CDM ပြုလုပ်ထားသော ရဲတပ်သား ၁ ဦးဖြစ်ပြီး အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသူ ၁ ဦး ဖြစ်သည်။
မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာနှင့် အရာတော်မြို့ကြားရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ စခန်း ၂ ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက ယနေ့ ဧပြီလ ၂၉ ရက် နံနက် ၂ နာရီခွဲခန့်တွင် ဝင်ရောက်စီးနင်းပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
“ခွေးတွေက ၁၂ ဘီးကားနဲ့လာတာ မိုင်းဆွဲတယ်၊ အပြန်အလှန်ပစ်တယ် ခုတော့နောက်ဆုတ်ထားပြီး စခတွေက ကန်တော် စာသင်ကျောင်းထဲမှာ ရွာမီးတင်ရှို့နေတယ်” ဟု ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ ၁ ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။
တိုက်ပွဲများဖြစ်ပွားရာ ကန်တော်ရွာနှင့် ငါးကင်းကျေးရွာများ အနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဉ်များ ဝဲပျံနေသည့်အသံများကို ကြားရကြောင်း ဒေသခံများက ပြောဆိုသည်။
PDF စခန်းများကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းစဉ် မိုင်းဆွဲခံရခြင်းများ တိုက်ခိုက်ခံရခြင်းများကြောင့် စစ်သားသေဆုံးမှုများကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရပြီး နံနက် ၆ နာရီ ၂၀ တွင် သေဆုံးဒဏ်ရာရစစ်သားအလောင်းများကို မြင်းမူဆေးရုံသို့ သေဆောင်လာကြောင်း မျက်မြင်တွေ့ရှိသူ ဒေသခံများက ပြောဆိုသည်။