သရက်ချောင်းမြို့နယ်တွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်
ရန်ကုန်၊ဇူလိုင် ၁၉
သရက်ချောင်းမြို့နယ်လွတ်မြောက်နယ်မြေ တစ်နေရာတွင် ၇၇ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် သရက်ချောင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့် မြို့နယ်ပြည်သူ့ကာ ကွယ်ရေးအဖွဲ့(ပကဖ) စစ်ကြောင်းဖြစ်သော ဒေါင်းညီနောင်စစ်ကြောင်းတို့က ကျင်းပခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ အခမ်းအနားကို ထားဝယ်ခရိုင်ပကဖ အဖွဲ့ဝင်များ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း တာဝန်ရှိပုဂ္ဂိုလ်များ၊ ရဲဘော်များနှင့် CDM အရာရှိနှင့် ရဲဘော်/ရဲမေများ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ရဟန်းရှင်ပြည်သူများ၊ တိုက်နယ်အုပ်ချုပ်ရေးတာဝန်ရှိပုဂ္ဂိုလ်များနှင့် ကျေးရွာသူကျေးရွာသားများ၊ စာသင်ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၈၀၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။
အဆိုပါအခမ်းအနားတွင် ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုခြင်း၊ ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများအား အလေးပြုခြင်း၊ လွမ်းသူ့ပန်းခွေချအလေးပြုခြင်း၊ အာဇာနည်ခေါင်း ဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားခြင်း၊ အထိမ်းအမှတ်သီချင်းများ သီဆိုခြင်းနှင့် ကဗျာရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။