မြန်မာ့နွေဦးလုပ်ငန်းရှင်များအဖွဲ့ချုပ် (MNEF) ဖွဲ့စည်းထားပြီး အဖွဲ့ဝင်အဖြစ်ပါဝင်လိုသူများ လျှောက်ထားနိုင်ဟု ဖိတ်ခေါ်
ရန်ကုန်၊ ဇူလိုင် ၂၀
မြန်မာလုပ်ငန်းရှင်များကို အမှန်တကယ်ကိုယ်စားပြုသည့် အလုပ်ရှင် အဖွဲ့အစည်းဖြစ်လာစေရန် ရည်ရွယ်၍ အကြမ်းဖက်စစ်ကောင်စီ၏ မတရားဖိနှိပ်မှုများကြားကပင် ဖွဲ့စည်းထားသည့် မြန်မာ့နွေဦး လုပ်ငန်းရှင်များအဖွဲ့ချုပ် (MNEF) တွင် ပါဝင်လိုသည့် လုပ်ငန်းရှင်များ အဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်ကြောင်း MNEF ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီ CEC ဖြစ်သူ ကိုဝေမှူးသွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
အဖွဲ့ဝင်လျှောက်ထားလိုသည့် လုပ်ငန်းရှင်များသည် ဒီမိုကရေစီနှင့် အခြေခံအလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးကို အလေးထား သော၊ စီးပွားရေးကျင့်ဝတ်များကို လေးစားလိုက်နာရှိသော လုပ်ငန်းရှင်များ၊ လက်ရှိနိုင်ငံရေးအခြေအနေအရ လုပ်ငန်းများ လည်ပတ်နိုင်ခြင်း မရှိသော်လည်း ယခင်က လုပ်ငန်းထူထောင်လုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်များ၊ အကြမ်းဖက်စစ်အုပ်စုနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေမှု မရှိသည့် လုပ်ငန်းရှင် များ၊ ကိုယ်ပိုင်လုပ်ငန်း ထူထောင်လုပ်ကိုင်သူများ (Self-Employer) ၊ ယခင်စီးပွားရေးလုပ်ငန်း/ ကုမ္ပဏီ ထူထောင်လုပ်ကိုင်ခဲ့ဖူးခြင်း မရှိသော်လည်း လက်ရှိကာလတွင် လုပ်ငန်းထူထောင်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ စသည့် အချက်များနှင့် ကိုက်ညီပါက လျှောက်ထားနိုင်မည် ဖြစ်ကြောင်း၊ MNEF အဖွဲ့ဝင်ဖြစ်ရန်အတွက် MNEF ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဦးရေ၏ ၄၀ ရာခိုင်နှုန်းနှင့် အတည်ပြုထောက်ခံပါက မာအဖွဲ့ဝင်အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သိရှိရသည်။
MNEF အနေနှင့် အလုပ်ရှင်များအရေးအပါအဝင် မြန်မာ့အရေးကို ကမ္ဘာက သိအောင် တင်ပြပြီး နိုင်ငံတကာမှ အလုပ်ရှင်များအနေဖြင့် မြန်မာလုပ်ငန်းရှင်များနှင့်ပြည်သူများအပေါ် စာနာနားလည်မှုဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ သွယ်ဝှိုက်၍ ထောက်ပံ့မှုများမပြုလုပ်ရေးနှင့် မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှုအောင်မြင်အောင်ပူးပေါင်းပါဝင်ကြရန် အလေးထားတိုက်တွန်းလိုကြောင်းလည်း အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စကစရဲ့ အလုပ်ရှင်နဲ့ အလုပ်သမားတွေအပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကမ္ဘာက သိအောင် ကျွန်တော်တို့အနေနဲ့ သတင်းအချက်အလက်တွေကို စုစည်းနိုင်ဖို့ လိုအပ်ပါမယ်။ စုစည်းပြီးသား သတင်းအချက်အလက်တွေကို ကျွနိတော်တို့က ချိတ်ဆက်ပြီးသားဖြစ်တဲ့ UN နဲ့ ILO ကို တင်ပြဖို့ လုပ်ရပါမယ်။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေတာပဲ ပတ်သက်ပြီး ILO ရဲ့ Article 33 ပေါ့ ။ ပုဒ်မ ၃၃ နဲ့ အရေးယူနိုင်အောင် ကြိုးစားနေတာမျိုးရှိပါတယ်” ဟု MNEF ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီ CEC ဖြစ်သူ ကိုဝေမှူးသွင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ယခင်က လုပ်ငန်းရှင်များနှင့် ဆက်စပ်သည့် အဖွဲ့အစည်းဖြစ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) က အကြမ်းဖက်စစ်တပ်၏ နိုင်ငံ့အာဏာလုယူမှုတွင် ကန့်ကွက်ရှုတ်ချသည့် ထုတ်ပြန်ချက်ကို မထုတ်ပြန်ခဲ့ဘဲ စစ်အာဏာသိမ်းမှုကို ထောက်ခံသည့် သဘောပြသခဲ့ပြီး ယနေ့အချိန်အထိ စစ်ကောင်စီက အလုပ်ရှင်များအပေါ် မတရားဖိနှိပ်မှုများတွင် မည်သည့် ကာကွယ်ရပ်တည်မှုမှ ဆောင်ရွက်ပေးခြင်း မရှိဘဲ စစ်ကောင်စီ၏ မူဝါဒမှားများကိုသာ တက်ကြွစွာ အကောင်အထည်ဖော်နေသည့် မြန်မာလုပ်ငန်းရှင်များကို အမှန်တကယ်ကိုယ်စားမပြုသည့် စစ်ကောင်စီ၏ လက် ပါးစေအဖွဲ့အစည်းသာ ဖြစ်နေကြောင်း၊ ထို့အတွက်ကြောင့် ဒီမိုကရေစီလိုလားသော လုပ်ငန်းရှင်များဖြင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၈၇ နှင့်အညီ မြန်မာ့နွေဦး လုပ်ငန်းရှင်များအဖွဲ့ချုပ် (MNEF) ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ၂၀၂၁ ခုနှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ရန်ကုန်ချီတက် ဆန္ဒပြပွဲ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)