33 C
Yangon

မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်မှု ၅ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို ကယ်တင် နိုင်ခဲ့

Must read

မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်မှု ၅ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို ကယ်တင် နိုင်ခဲ့

ရန်ကုန်၊ ဇူလိုင် ၂၀

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ ပြည်သူ ၆ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ပြီး ၅ ဦးသေဆုံးကာ ပြည်သူ ၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း Student’s Revolutionary Force -SRF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ အသက် ၅၀ အရွယ် ဦးဝင်းဆွေ၊ အသက် ၆၀ အရွယ် ဦးတင်ဝင်း၊ အသက် ၃၉ နှစ်အရွယ် ကိုတူးနိုင်၊ အသက် ၃၈ နှစ်အရွယ် ကိုချစ်ကို၊ အသက် ၃၈ နှစ်အရွယ် မလှလေးနွယ်နှင့် မမျိုးမျိုးဝင်းတို့ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီးပြီး လယ်ကွင်းပြင်တွင် ဓားဖြင့်ထိုး၍ လည်လှီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ် ခံရသူများထဲမှ အသက် ၃၉ နှစ်အရွယ် ကိုတူးနိုင်ကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက သေဆုံးပြီ အထင်ဖြင့် ထားရှိခဲ့စဉ် Student’s Revolutionary Force -SRFတပ်ဖွဲ့က ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

“စစ်တပ်ကလူတွေရော ဘေးနားက အင်ကြင်းတောင်၊ မင်းရွာ၊ ကျေးတောင်ဦးတို့က ပျူတွေလည်း ပါတယ်။ အစကတော့ စစ်ကြောင်းနဲ့ ဝင်ဖို့လုပ်ပြီး စစ်ကြောင်းနဲ့မဝင်ပဲနဲ့ ရွာကို ဒီအတိုင်းပဲ ဝင်လာပြီး လုပ်သွားတဲ့ပုံစံမျိုးပါ။ သူတို့လုပ်သွားတဲ့ပုံစံမျိုးက ကျနော်တို့ ကျောင်းသားအဖွဲ့ကနေ လူထုကို ဒီလို မျက်နှာဖုံးတွေစွပ်ပြီးလုပ်သွားတယ်ဆိုတဲ့ ပုံစံမျိုးလုပ်သွားတာ ၆ ယောက်ကိုသတ်သွားတာ တစ် ယောက်ကတော့ ပြန်အသက်ရှင်တာပေါ့။ ဓားတွေနဲ့ ရစ်ထားတဲ့ လူနာကို ဆေးရုံရောက်တဲ့အထိ ကျနော်တို့ ကယ်ကုပေးလိုက်တာပေါ့။ သူ့ရဲ့အမျိုးသမီးကတော့ အဲဒီမှာ ပွဲချင်းပြီး သတ်လိုက်တာပေါ့။ တစ် ယောက်ကတော့ ဆေးရုံမှာ သေတယ်။ ကျန်တဲ့ ၄ ယောက်ကတော့ လယ်ကွက်ထဲမှာပဲ သေ သွားတာ အဓိကတော့ ကျနော်တို့ ကျောင်းသားအဖွဲ့ကို လူထုယုံကြည်မှု လျော့နည်းအောင်လုပ်တဲ့ သဘော မျိုးပါ၊ ကျနော်တို့အဖွဲ့ကနေလုပ်တယ်ဆိုတဲ့ပုံစံမျိုး၊ မျက်နှာဖုံးတွေစွပ်ပြီးလုပ်သွားတာ” ဟု Student’s Revolutionary Force -SRF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော် Bravo က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တုမရကျေးရွာသည် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေဘဲ အကြမ်း ဖက်စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည့် အတွင်းပိုင်းကျသော ကျေးရွာ တစ်ရွာဖြစ်ကြောင်း၊ အသက်ရှင် ပြန်လည် လွတ်မြောက်လာသူ ကိုတူးနိုင်၏ ပြောကြားချက်အရ ၄င်း၏ ဇနီးဖြစ်သူ မလှလေးနွယ် (အသက်-၃၈နှစ်) အပါအဝင် ကျန်လူများကို မျက်စိရှေ့တွင်ပင် ဓားဖြင့်လှီးဖြတ်ပြီး လူမဆန်စွာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ သတ်ဖြတ်ပြီးနောက် ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူကာ တော်လှန်ရေးဘက်ခြမ်းမှ ဝင်ရောက် သတ်ဖြတ်ခဲ့သည်ဟု သတင်းဖြန့်ရန် သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သူများ၊ ကြံရာပါများကို မှာကြားခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူ ကိုတူးနိုင်က ပြောဆိုကြောင်း Student’s Revolutionary Force -SRF မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော် Bravo က ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article