29 C
Yangon

ပြင်ဦးလွင်မှ ပြည်သူတချို့ စစ်ဖြစ်မည်ကို စိုးရိမ်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေကြပြီး ပြင်ဦးလွင် အိမ်ခြံမြေပြန်လည်ရောင်းချသူများ များပြား၊ စစ်တပ်အသိုင်းအ၀ိုင်းက နေပြည်တော်နှင့် ရန်ကုန်သို့ ပြောင်းရွှေ့ကြ

Must read

ပြင်ဦးလွင်မှ ပြည်သူတချို့ စစ်ဖြစ်မည်ကို စိုးရိမ်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေကြပြီး ပြင်ဦးလွင် အိမ်ခြံမြေပြန်လည်ရောင်းချသူများ များပြား၊ စစ်တပ်အသိုင်းအ၀ိုင်းက နေပြည်တော်နှင့် ရန်ကုန်သို့ ပြောင်းရွှေ့ကြ

ရန်ကုန်၊ ဇူလိုင် ၂၂

အကြမ်းဖက်စစ်တပ်၏ မြို့ဖြစ်သော ပြင်ဦးလွင်မှ ပြည်သူတချို့ စစ်ဖြစ်မည်ကို စိုးရိမ်၍ ရန်ကုန်သို့ ပြောင်းရွှေ့နေကြပြီး ပြင်ဦးလွင် အိမ်ခြံမြေပြန်လည်ရောင်းချသူများ များပြားလားကြောင်း ပြင်ဦးလွင်အိမ်ခြံမြေအကျိုးဆောင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လဆန်းပိုင်းရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို TNLA ဦးဆောင်သော တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်နှင့်ပတ်သက်နေသော အသိုင်းအ၀ိုင်းများက ပြင်ဦးလွင်မှ ရန်ကန်နှင့် နေပြည်တော်သို့ စတင် ပြောင်းရွှေ့လာကြကြောင်း၊ ယင်းနောက် စီးပွားရေးသမားများနှင့် ဆက်နွယ်နေသူများလည်း ပြင်ဦးလွင်မှ ရန်ကုန်သို့ ပြောင်းရွှေ့ ကြကြောင်း၊ ပြင်ဦးလွင်ရှိ အိမ်ခြံမြေများကို ပြန်လည်ရောင်းချပေးရန် အပ်နှံသူများ အလွန်များပြားကြောင်း၊ စျေးနှုန်းများမှာလည်း ၃၀ ရာခိုင်နှုန်း လျှော့ချရောင်းချမှုများရှိနေကြောင်း သိရှိရသည်။

“နောင်ချိုကို သိမ်းလိုက်ကတည်းက ပြင်ဦးလွင်မှာ တပ်မတော်အငြိမ်းစား အသိုင်းအ၀ိုင်းတွေ တော်တော်များများ အိမ်ခြံမြေ ရောင်းချင်လို့ လာအပ်ကြတာများတယ်။ စျေးနှုန်းလည်း သူတို့က ဘယ်လောက်လိုချင်တယ်မပြောဘူး။ ဘယ်လောက်ရနိုင်လဲ၊ ရတဲ့စျေးနဲ့ပဲ ရောင်းပေးပါ ပြောတယ်။ အခုက အရောင်းအရမ်းများပြီး ဝယ်လက်က ပျောက်နေတယ်။ အရင် သိန်း ၄၀၀၀ လောက်ခေါ်တဲ့ ပြင်ဦးလွင် အိမ်ခြံမြေတွေက အခု သိန်း ၃၀၀၀ လောက်နဲ့ ထုတ်ကြတယ်။ တေ့တေ့ဆိုင်ဆိုင်ရင် ထပ်လျှော့မယ်ပေါ့” ဟု ပြင်ဦးလွင်မြို့ အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် ပြင်ဦးလွင်တွင် တော်လှန်ရေးတပ်များက လာရောက်တိုက်ခိုက်နိုင်သည်ဆိုသော သတင်းစကားများမှာ ပြည်သူများအကြား ပြောဆို ပြန့်နှံ့နေပြီး စိုးရိမ်နေကြကြောင်း၊ သိရှိရသည်။

“ပြည်သူတွေကြားမှာတော့ ဟိုနေ့ လာတိုက်မလား၊ ဒီနေ့ လာတိုက်မလား အဲဒါမျိုးတွေ စိုးရိမ်ကြတာပေါ့။ အောက်ခြေလူတန်းစားကတော့ စားဖို့ ရုန်းနေရတော့ အဲဒါတွေလည်း တွေးမပူနိုင်ဘူး။ အခု ပူနေကြတာက ငွေရှိတဲ့ အထက်တန်းလွှာနဲ့ တပ်မတော်အငြိမ်းစားအသိုင်းအ၀ိုင်းတွေက အဓိကဖြစ်နေကြတာ။ ကောလာဟလတွေကြောင့် ၀ရုန်းသုန်းကားကြီးဖြစ်နေသလားဆိုတော့လည်း အဲဒီလိုကြီးတော့လည်းမဟုတ်ဘူး။ သွားစရာ လာစရာ လုပ်စရာရှိတာတော့ လုပ်နေကြတာပဲ။ ပြောင်းတဲ့သူလည်းပြောင်းနေကြတာပဲ။ လာမတိုက်ရင်တောင် ရှော့တိုက်ဒုံးနဲ့ လာပစ်မှာ အကုန်စိုးရိမ်ကြတာ။ တတ်နိုင်သူတွေကတော့ ကြိုပြောင်းကုန်ကြပြီ” ဟု ပြင်ဦးလွင်မှ ဒေသပြည်သူတစ်ဦးက ဆိုသည်။

လက်ရှိ ပြင်ဦးလွင်၏ အထင်ကရနေရာများတွင် လုံခြုံရေးများ ချထားပြီး အဓိကအားဖြင့် ကားကြီးကွင်းအတက်လမ်းနှင့် မန္တလေး -လားရှိုး လမ်းဆုံ ရပ်ကွက်ကြီး ၁၀ တို့တွင် ဂိတ်ချ စစ်ဆေးမှုများရှိကြောင်း၊ ဌာနဆိုင်ရာရုံးများတွင်လည်း လုံခြုံရေး အစောင့်တချို့ တိုး၍ ချထားမှုများရှိနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြင်ဦးလွင်မြို့နယ်တွင် ဂိတ်ချစစ်ဆေးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article