MNDAA ၊ TNLA နှင့် PDF တို့ကို လက်နက်အားကိုး အနိုင်ယူနေသည့် ဓားပြအဖွဲ့ဟု စစ်ကောင်စီက တိုက်ခိုက်လာပြီး မီဒီယာများက အားပေးအား မြှောက်လုပ်နေဟု အကြမ်းဖက် ဇော်မင်းထွန်း ဒေါကြီးမောကြီးတုံ့ပြန်
■ မြို့ရွာများအတွင်းသို့ စိမ့်ဝင်လာသော ဆန့်ကျင်သူများကို သုတ်သင်ရှင်း လင်း ရမည်ဟု ဇော်မင်းထွန်း လှုံ့ဆော်
ရန်ကုန်၊ ဇူလိုင် ၂၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က သိမ်းပိုက်လိုက်ပြီးနောက် MNDAA ၊ TNLA နှင့် PDF တို့ကို လက်နက်အားကိုး အနိုင်ယူနေသည့် ဓားပြအဖွဲ့ဟု စစ်ကောင်စီက တိုက်ခိုက်လာပြီး မီဒီယာများက အားပေးအားမြှောက်လုပ်ပေးနေဟု အကြမ်းဖက် ဇော်မင်းထွန်းက ယနေ့ ဒေါကြီး မောကြီးတုံ့ပြန်ပြောဆိုလာသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်မြို့များကို MNDAA နှင့် TNLA တို့က တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများကြောင့် ပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးရကြောင်း၊ MNDAA နှင့် TNLA တို့သည် ဓားပြဆန်ဆန် အဖွဲ့များသာဖြစ်ပြီး အဆိုပါ အဖွဲ့များကို မီဒီယာများနှင့်အဖွဲ့အစည်းများက အားပေးအားမြှောက်လုပ်နေကြောင်း၊ အဆိုပါ မီဒီယာများနှင့် အဖွဲ့အစည်းများကို စိတ်ပျက်ဖွယ်တွေ့နေရကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက မျက်နှာ မသာမယာ ဒေါသတကြီး ပြောဆိုသွားသည်။
MNDAA က လားရှိုးမြို့ကို သိမ်းပိုက်နိုင်သည်ဟု ကြေညာမှုအပေါ် BPLA မှ ခေါင်းဆောင် ကိုဆောင်းခက မီဒီယာတချို့တွင် သတင်း ဖြေဆိုမှုအပေါ် စစ်ကောင်စီ၏ အကြမ်းဖက် ဇော်မင်းထွန်းက ကိုဆောင်းခကို ဗမာသစ္စာဖောက်လောက် ကောင် အဖွဲ့ဟု လည်းကောင်း၊ သတင်းကို ဖော်ပြခဲ့သည့် မီဒီယာများကိုလည်း ပြည်ပအားကိုး ပုဆိန်ရိုး ပြည်ဖျက်မီဒီယာများဟုလည်း ကောင်း ဒေါကြီးမောကြီး တိုက်ခိုက်ပြောဆိုနေသည်ကို မြင်တွေ့ရသည်။
မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များသည် ဇူလိုင်လ တိုက်ပွဲများအတွင်း ထိခိုက်မှုများပြားသဖြင့် အခြေ အနေမှန်ကို ဖုံးကွယ်ရန်၊ စိတ်ဓာတ်ရေးရာ ထိခိုက်မှုကို ဖုံးကွယ်ရန် လားရှိုးရှိ ရမခဌာနချုပ်ကို သိမ်းပိုက်နိုင်ပြီဟု သတင်းလွှင့်ခြင်းဖြစ် ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
မြန်မာနိုင်ငံ၏ နယ်မြေများကို မတရားကျူးကျော်နေခြင်းဖြစ်ကြောင်း၊ မြောက်ပိုင်းမဟာမိတ်က သိမ်းပိုက်ထားသော မည်သည့်နယ်မြေတွင် လူမှုစီးပွားဘ၀ တိုးတက်နေသနည်း၊ လုံခြုံနေသနည်းဟု ဇော်မင်းထွန်းက မေးခွန်းထုတ်လာပြီး စစ်ကောင်စီက နေ့စဉ် လေယာဉ်ဖြင့် ဗုံးကျဲနေခြင်းကြောင့် ပြည်သူများ ထိခိုက် သေဆုံးနေမှုအပေါ် ထည့်သွင်းပြောဆိုခြင်းမရှိပေ။
မြောက်ပိုင်းမဟာမိတ်နှင့် PDF များသည် လက်နက်အားကိုး အနိုင်ယူနေသော ဓားပြသာသာ အဖွဲ့များသာ ဖြစ်ကြောင်း၊ ရမခသည် အစဉ်အလာကြီးမားသော တိုင်းစစ်ဌာနချုပ်ဖြစ်ကြောင်း၊ ဓားပြဆန်ဆန် လက်နက်အားကိုး စစ်ဘုရင် ဝါဒလုပ် ဆောင်နေမှုများသည် ငြိမ်းခါနီး မီးကဲ့သို့ ဖြစ်နေပြီဖြစ်ကြောင်း အကြမ်း ဖက် ဇော်မင်းထွန်းက ဆိုသည်။
မြို့ရွာများအတွင်းသို့ စိမ့်ဝင်လာသော ဆန့်ကျင်သူများကို သုတ်သင်ရှင်းလင်း ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိနေသရွေ့ စစ်တပ်ရှိနေမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဒေါသကြီး လှုံ့ဆော် ကြွေးကြော်သွားသည်။