30 C
Yangon

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မသန်စွမ်း အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်

Must read

မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်က မသန်စွမ်း အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်

ရန်ကုန်၊ ဇူလိုင် ၂၉

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က မသန်စွမ်း အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ ၂၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မုံရွာမြို့နယ်၊ မုံရွာ-အရာတော်လမ်းမကြီးဘေးရှိ စည်သာလေး၊ ထနောင်း၀န်းနှင့် ရွာတုံကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ်သားများက ဝင်ရောက် ပစ်ခတ် စီးနင်းခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် စီးနင်းမှု အတွင်း စည်သာလေးကျေးရွာက အသက် ၃၅ နှစ်အရွယ် မသန်စွမ်း အမျိုးသမီး ၁ ဦးနှင့် ထနောင်း၀န်းကျေးရွာမှ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရွာတုံရွာမှလည်း ပြည်သူ ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် စည်သာလေးရွာမှ ပြည်သူများ နေထိုင်သည့်နေအိမ်ကို PDF စခန်းဟု ပြောဆိုကာ သေနတ်ဖြင့် ဝိုင်းပစ်ချိန်တွင် အမျိုးသားဖြစ်သူသည် အိမ်ထရံကို ဖျက်ပြီး ထွက်ပြေးခဲ့ခြင်းကြောင့် လွတ်မြောက်ခဲ့သော်လည်း ဇနီးဖြစ်သူသည် သေနတ်မှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းနှင့် ပြည်သူနေအိမ် မှားယွင်းပစ်ခတ်ခဲ့ပြီးနောက် PDF စခန်းကိုတွေ့ရှိသွားပြီး စခန်း အဆောက်အဦးနှင့် ဆိုင်ကယ် ၄ စီးကို မီးရှို့ ဖျက်စီးသွားခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၀င်များ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းကြောင်းသိရသည်။

အကြမ်းဖက် စစ်ကောင်စီသားများ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ထနောင်း၀န်းကျေးရွာမှ အသက် ၃၀ အရွယ် ကိုမောင်မောင်ထက် ဖြစ်ပြီး စစ်သားများ ပစ်ခတ်မှုကြောင့် နောက်ကျောတွင် သေနတ်မှန် ဒဏ်ရာရရှိခဲ့ပြီး ကိုမောင်မောင်ထက်ကို ဆေးကုသပေးမည်ဟုဆိုကာ မုံရွာဆေးရုံကြီးတွင် အလောင်းပစ်ထားခဲ့ကြောင်း၊ ကိုမောင်မောင်ထက်၏ ရုပ်အလောင်းကို မိသားစု၀င်များက မုံရွာ ဆေးရုံကြီးတွင် ကိုယ်တိုင် ယူဆောင်ခဲ့ကြရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မုံရွာမြို့နယ်အတွင်းမှ ဒေသတွင်း ကျေးရွာများကို စစ်ကြောင်းထိုး၊ ပစ်ခတ် စီးနင်းမှုများ လအတန်ကြာ ရပ်နားခဲ့ရပြီး ယခုမှပြန်လည် စစ်ကြောင်းထိုး ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မုံရွာဒေသတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး၊ မီးရှို့၊ သတ်ဖြတ်မှုများ ရပ်နားနေချိန်တွင် လက်နက်ကြီးများ၊ ဒရုန်းများ အသုံးပြုပြီး ပစ်ခတ် တိုက်ခိုက်မှုများရှိခဲ့ကာ ထိခိုက်သေဆုံးခဲ့ရသူများလည်းရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

Photo – ရေစကြိုမြို့နယ်အတွင်း ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် စီးနင်းဖျက်ဆီးနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article