တနင်္သာရီမြို့နယ်တွင် ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို စစ်တပ်က ရဟတ် ယာဉ်ဖြင့် ဗုံး ၁၃ လုံး ကျဲချ တိုက်ခိုက်
ရန်ကုန်၊ ဇူလိုင် ၃၀
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံး ၁၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် တနင်္သာရီမြို့နယ်ရှိ ရေနစ်မြုပ်နေသည့် လယ်သစ်ရွာကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးသီး ၁၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း ကနဦး သိရသော်လည်း မြေပြင် အခြေအနေ အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
“လယ်သစ်ရွာကို ညနေပိုင်းမှာ MI – 2 ရဟတ်ယာဉ်နဲ့ ဗုံးသီး ၁၃ လုံး ကျဲချ တိုက်ခိုက်ခဲ့တယ်။ လယ်သစ်ရွာက ရေဘေး ခံစားနေရတဲ့ ရွာပါ ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ ကနဦး သိရပေမယ့် အခြေအနေ အသေးစိတ်ကိုတော့ အတည်မပြုနိုင်သေးဘူး” ဟု မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း ၁ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်း စစ်ကြောင်းထိုးမှုများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေကြောင်း သိရှိရသည်။