ရန်ကုန်၊ မေ ၉
KNU အုပ်ချုပ်မှုနယ်မြေဖြစ်သော ဘီးလင်းမြို့နယ်နှင့် ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေ ကြောင်း၊ ဒရုန်းနှင့် လက်နက် ကြီး များဖြင့် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၂၇ လုံးကျော်နှင့် ဘာသာရေးအဆောက်အအုံများ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် သည်။
ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်သည် ဘီးလင်းနှင့် ဘားအံမြို့နယ်အတွင်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထား၍ လေ ကြောင်း တိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့မှ ၃၀ ရက်နေ့အထိ Y-12 လေယာဉ်များ၊ ဂျက်ဖိုက်တာများနှင့် စက်တပ်လေထီးများ အသုံးပြုကာ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဧပြီလ ၁၉ ရက်နေ့ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာနှင့် မြစ်ကျိုးကျေးရွာအုပ်စုရှိ ကျောက်ဖျာရွာတို့ကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုအတွင်း နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီး ကျောင်းမုခ်ဝ၊ ဓမ္မာရုံ ၁ လုံး၊ စက်သုံးဆီဆိုင်နှင့် သင်္ချိုင်းကုန်းဇရပ် ၁ လုံး ပျက်စီးခဲ့ပြီး နွား ၅ ကောင် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၂၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်မှုများအတွင်း ကျောက်ဖျာရွာရှိ နေအိမ် ၁၁ လုံးနှင့် ဝင်းတာပန်ရွာ၊ ဝင်းတာပန်အထက်ရွာတို့ရှိ နေအိမ် ၅ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၃ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဝင်းတာပန်ရွာရှိ နေအိမ် ၉ လုံး ထပ်မံထိခိုက်ပျက်စီးခဲ့ပြီး ဧပြီ ၂၅ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်အတွင်းရှိ ပြည်သူ့လုပ်ငန်းခွင်များ ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့တွင် လေကြောင်းတိုက်ခိုက်မှုအပြင် ၎င်းတို့စစ်တပ်၏ စစ်ကူများ ဝင်းတာပန်ရွာသို့ ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ဧပြီလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ စက်တပ်လေထီးများနှင့် လေယာဉ်များဖြင့် ဆက်လက်တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရပြီး စာရင်းအတိ အကျကို ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ဧပြီလ ၂၇ ရက်နေ့တွင် ဘားအံမြို့နယ်၊ ထီးကျော်ခီးရွာအနီးသို့ အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အသက် ၈၈ နှစ်အရွယ် ဒေသခံအမျိုးသမီး ဖီးသိန်းမေ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ဧပြီလ ၁၆ ရက်နေ့က ဗုံးကျဲတိုက်ခိုက်မှုအတွင်း မပေါက်ကွဲသေးသည့် ၁၂၀ မမ ကျည် ၂ လုံးကိုလည်း ဧပြီလ ၂၁ ရက်နေ့တွင် ဘန့်ဘွေးကုန်းရွာအနီးရှိ ခြံနှင့် လယ်မြေများတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ရက်နေ့ တစ်ရက်တည်း စစ်တပ်က ရခိုင်ပြည်၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့နှင့် အကျဉ်းထောင်တို့ ကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ၂ ကြိမ်တိုင် ပြုလုပ်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။
မေလ ၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ရခိုင်ပြည်၊ မင်းပြားမြိုနယ်၊ ကျောက်ခုတ်ကျေးရွာ အရှေ့တောင်ဘက်ရှိ ကင်းမွန်ချောင်းဂျိုင်နှင့် ၎င်းအနီးပတ်ဝန်းကျင်ရှိကျေးရွာများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် မိနစ် ၄၀ ခန့်ကြာသည်အထိ တရစပ် မရပ်မနားဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုအတူ မေလ ၇ ရက်နေ့ တစ်ရက်တည်းတွင်ပင် စစ်တပ်က ကျောက်တော် မြို့နယ်၊ သုံးခွအနီးပတ်ဝန်းကျင်သို့လည်း ဂျက်ဖိုက်တာ ၄ စီးဖြင့် ည ၁၀ နာရီခန့်မှ ည ၁၀ နာရီ ၂၅ မိနစ်အထိ ပေါင် ၅၀၀ ဗုံး ၈ လုံးဖြင့် လာရောက်ပစ် ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ယင်းနေ့ ည ၁၀ နာရီ ၂၈ မိနစ်အချိန်တွင်လည်း Y-12 ထောက်ပို့လေယာဉ် ၂ စီးမှ Cluster Boombအမျိုးအစား ၂၄ လုံးခန့်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုဖြစ်စဉ်များကြောင့် အရပ်သားပြည်သူ ၁ ဦး၊ အကျဉ်းထောင်ဆေးဝန်ထမ်း ၁ ဦး၊ ကလေး ၁ ဦး သေဆုံးခဲ့ပြီး ပြင်းထန်နှင့်အလတ်စားဒဏ်ရာရသူ ၁၀ ဦးခန့်လည်းရှိခဲ့ကြောင်း၊ ယင်းအပြင် နွား ၇ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။






