လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမခပင်မတိုင်းစစ်ဌာနချုပ်ရုံးနှင့်ဗဟိုကင်းအနီးတွင်ပါ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေ၊ လေကြောင်းပစ်ကူမှလွဲ၍ မည်သည့်စစ်ကူစစ်ကြောင်းမှ စစ်တပ်ထံ မရောက် နိုင်တော့
■ စစ်ကောင်စီက ရမခအတွင်း လေကြောင်းဖြင့် ချထားပေးသော ရိက္ခာနှင့် လက်နက်ခဲယမ်းများ MNDAA လက်ခံရရှိ
ရန်ကုန်၊ ဩဂုတ် ၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း အနီးကပ်တိုက်ပွဲများ ဖြစ်ပွားနေပြီး ရမခ ပင်မတိုင်းစစ်ဌာနချုပ်ရုံးနှင့်ဗဟိုကင်းတွင်ပါ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားနေကြောင်း စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
“ဒီနေ့တိုက်ပွဲကတော့ ရမခရဲ့ ပင်မစစ်ရုံးကြီးအထိကို ရောက်နေပြီ။ ရှော့တိုက်ဒုံးနဲ့ လက်နက်ကြီးတွေ တောက်လျှောက် ပစ်ခတ်ခံနေရတယ်။ ဒရုန်းတွေနဲ့ ဗုံးကျဲခံရနေတယ်။ အနီးကပ်ဖြစ်တာဖြစ်တော့ ခုခံရတာ ထိရောက်မှုမရှိတဲ့ အခြေအနေလို့ သိရပါတယ်။ လက်နက်ခဲယမ်းနဲ့ ရိက္ခာ လုံလောက်မှုမရှိတော့ဘူးဆိုတဲ့ သတင်းပေးပို့မှုတွေလည်းရှိတယ်။ စစ်ကူကတော့ လေကြောင်းပစ်ကူကလွဲရင် အခြား ကုန်းလမ်းကြည်းစစ်ကြောင်း ရောက်ဖို့ မလွယ်တဲ့ အခြေအနေဖြစ်နေပါတယ်” ဟု စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် MNDAA တပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယခုနောက်ဆုံး ဆေးရုံမှ စစ်ကောင်စီတပ်များ ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးသွားရကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများပြားပြီး ဒဏ်ရာရရှိသူ စစ်သားအများအပြားလည်း ထိခိုက်သေဆုံးမှုများရှိ ကြောင်း သိရှိရသည်။
“လေယာဉ်ကွင်းကို သိမ်းပြီး ဝင်လာတဲ့ မြောက်ပိုင်းတပ်တွေနဲ့ စစ်ဆေးရုံဘက်မှာ ကာကင်းလုပ်ထားတဲ့ တပ်တွေ တိုက်ပွဲဖြစ်တာ။ ဆေးရုံတပ်ကတော့ ကျသွားပြီ။ အခု ရမခ တိုင်းစစ်ဌာနချုပ် ပတ်ပတ်လည်မှာ မြောက်ပိုင်းတပ်တွေ ၀ိုင်းရံခံထားရတာပါ။ နေရာပေါင်းစုံကနေ မြောက်ပိုင်းတပ်တွေဝင်လာနေတာ” ဟု စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက မြောက်ပိုင်းမဟာမိတ်တပ်သတင်းရင်းမြစ်များထံ ဆက်သွယ်မေးမြန်းရာ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ချထားသော ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ယမန်နေ့အတွင်း MNDAA တပ်များက လက်ခံရရှိခဲ့ကြောင်း ပြောဆိုသည်။
ဓာတ်ပုံ-လားရှိုးမြို့အတွင်း ဝင်ရောက် သိမ်းပိုက်ခဲ့သော MNDAA တပ်များ။