ရန်ကုန်၊ ဩဂုတ် ၂
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်တွင် စစ်ကောင်စီ၏ တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးတင်လတ်နှင့် လေယာဉ်မှူး ၂ ဦး စုစုပေါင်း ၃ ဦးတို့သည် ယနေ့ နံနက်ပိုင်း ရဟတ်ယာဉ်ပျက်သဖြင့် သေဆုံးသွားကြောင်း လေတပ်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။
ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်း မှော်ဘီလေတပ်မှ ယူရိုကော့ပတာရဟတ်ယာဉ်သည် ရှေ့တန်း စစ်မြေပြင်သို့ သွားရန် ပျံတက်စဉ် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပျက်ကျမှုကြောင့် တောင်ပိုင်းတိုင်းလေတပ်ကွပ်ကဲရေးမှူးချုပ် ဗိုလ်ချုပ်စိုးတင်လတ်နှင့် တွဲဘက်လေယာဥ်မှူး၊ အမျိုးသမီးလေယာဥ်မှူး တို့ သေဆုံးသွားကြောင်း ၊ ၁ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။
“တက်ပြီးပြီးချင်း ပျက်ကျတာ။ ရှေ့တန်းစစ်မြေပြင်မှာ လူသွားသယ်ဖို့ လုပ်တာပါ” ဟု လေတပ်သတင်းရင်းမြစ်က ပြောဆိုပြီး မည်သည့်ရှေ့တန်းစစ်မြေပြင်ဆိုသည်ကို ရှင်းရှင်းလင်းလင်းပြောဆိုခြင်းမရှိပေ။
သေဆုံးသူ ဗိုလ်ချုပ်စိုးတင်လတ်သည် မကွေး လေတပ်စခန်းဌာနချုပ်မှူးအဖြစ်မှ လေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးအဖြစ် မကြာသေးမီကမှ ရာထူးတိုးထားသူလည်းဖြစ်သည်။
ပျက်ကျသွားသည့် ရဟတ်ယာဉ်သည် Eurocopter 365 အမျိုးအစားဖြစ်ပြီး တစ်စီးလျှင် အမေရိကန်ဒေါ်လာ ၉ သန်းတန်ဖိုးရှိကြောင်း၊ ဘက်စုံသုံးရဟတ်ယာဉ်ဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar