မောင်တောမြို့တွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားသော ရိုဟင်ဂျာ ၅၀၀ ဦးကို AA က ကယ်ထုတ်၊ ပိတ်မိနေသည့် ရိုဟင်ဂျာပြည်သူများကို ဆက်တိုက်ဆိုသလို AA က ကယ်ထုတ်နေဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၀
ရခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီက လူသားဒိုင်းအဖြစ် ပိတ်လှောင်ထားသော ရိုဟင်ဂျာ ၅၀၀ ဦးကို AA က ကယ်ထုတ်ခဲ့ပြီး ရိုဟင်ဂျာများကို ဆက်တိုက်ဆိုသလို AA က ကယ်ထုတ်နေကြောင်း AA က သတင်းထုတ်ပြန်ပြောဆိုသည်။
ဩဂုတ်လ ၈ ရက်နေ့၊ ညနေ ၃ နာရီအချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်မွတ်စလင်တချို့က လူသားဒိုင်းကာအဖြစ် ပိတ်လှောင်ထားသော မောင်တောမြို့ အမှတ် ၈ ရပ်ကွက် ကညင်တန်းရွာမှ ရိုဟင်ဂျာ ၅၀၀ ခန့်ကို AA က ကယ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီနှင့် လက်နက်ကိုင်မွတ်စလင်တချို့က ရိုဟင်ဂျာကျေးရွာများမှ ရွာသူရွာသားများကို ထွက်ခွာခွင့်မပြုဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုရန်ခေါ်ဆောင်ထားခဲ့ကြောင်း၊ ဩဂုတ်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီကလည်း ရခိုင်ပြည်၊ မောင်တောမြိုနယ်၊ ဗိုလ်မှူးကျေးရွာမှ ရိုဟင်ဂျာ သက်ကြီးရွယ်အိုများ၊ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးသူငယ်များကို စစ်ကောင်စီနှင့် လက်အောက်ခံ လက်နက်ကိုင် မွတ်စလင်များက လူသားဒိုင်းကာအဖြစ် ဖမ်းဆီး ပိတ်လှောင်ထားခြင်းခဲ့သဖြင့် ရိုဟင်ဂျာပြည်သူတချို့မှာ စားနပ်ရိက္ခာများပြတ်တောက်ကာ အစာရေစာပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရကြောင်း၊ အဆိုပါ ဗိုလ်မှူးကျေးရွာမှ မွတ်စလင် ပြည်သူ ၃၀၀ ခန့်တို့ကိုလည်း AA က ဘေးကင်းရာသို့ ကယ်ထုတ်ခဲ့ကြောင်း သိရှိရသည်။
AA အာရက္ခတပ်တော်က မောင်တောမြို့ရှိ စစ်ကောင်စီ၏ လက်ကျန်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ မောင်တောမြို့ သိမ်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိကြောင်း၊ ထိုကြောင့် မောင်တောမြိုနှင့် ၎င်းပတ်ဝန်းကျင်အနီးကျေးရွာများမှ ရွာသူရွာသားများကို တိုက်ပွဲနှင့်လွတ်ရာနေရာများသို တိမ်းရှောင်လာကြစေရန် အသိပေးကြေညာချက် ဇွန်လ ၁၆ ရက် နှင့် ဩဂုတ်လ ၇ ရက်နေ့တိုတွင် အသိပေးထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း AA က ပြောဆိုထားသည်။