33 C
Yangon

စစ်ရှုံးသမား မင်းအောင်လှိုင်ကို ဖယ်ရှား အာဏာသိမ်းမှုတွေ ရှိလာနိုင်သလား

Must read

စစ်ရှုံးသမား မင်းအောင်လှိုင်ကို ဖယ်ရှား အာဏာသိမ်းမှုတွေ ရှိလာနိုင်သလား

By LZ

မြန်မာစစ်အာဏာရှင် သမိုင်းမှာ မင်းအောင်လှိုင်ဟာ စစ်အရှုံးဆုံး စစ်အာဏာ ရှင် အဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။ စစ်တိုင်း ၁၄ ခု အနက် အစဉ် အလာ ကြီးမားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (လားရှိုး) ကို စစ်ရှုံးလို့ ကိုးကန့် MNDAA တပ်ဖွဲ့ထံ ပေးအပ်လိုက်ရပြီ ဖြစ်ပါတယ်။

အလားတူပဲ နိုင်ငံရဲ့ အရှေ့၊ အနောက်၊တောင်၊ မြောက် အရပ်လေးမျက်နှာမှာလည်း အရေးနိမ့်မှုတွေ ကြုံတွေ့နေရပြီ ဖြစ်ပါတယ်။ အဲဒီ အတွက် စစ်အာဏာရှင် ထိပ်ပိုင်း နဲ့ စစ်တပ်တွင်းမှာ မင်းအောင်လှိုင် အပေါ်မကျေနပ်မှုတွေ တစ်နေ့ တစ်ခြား ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ လာမယ့်ကာလ တွေအတွင်းမှာ မင်းအောင်လှိုင်ကို စစ်ခေါင်းဆောင် နေရာက ဖယ်ရှားတာ၊ တပ်တွင်း ပြန်လည် အာဏာသိမ်းတာတွေ ရှိလာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အဲဒီလို မှ မဟုတ်ဘဲ မင်းအောင်လှိုင်သာ စစ်ခေါင်းဆောင် အဖြစ် ဆက်ရှိနေမယ်ဆိုရင်လည်း သူက တော်လှန်ရေးရဲ့ အကြီးမားဆုံး ဖရဲသီး ဖြစ်နေမှာပါ။ ဘာလို့လဲ ဆိုတော့ မင်းအောင်လှိုင် ရဲ့ စစ်ရေး စီမံခန့်ခွဲမှု အညံ့တွေ၊ နိုင်ငံရေး နဲ့ စီးပွားရေး စီမံမှု အမှားတွေဟာ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေး အင်အားစုတွေ အောင်ပွဲ မြန်မြန်ရရှိရေး သွယ်ဝိုက် အားပေးနေသလို ဖြစ်နေတဲ့ အတွက်ပါ။

စစ်အာဏာရှင်စနစ် ဆိုတာ နဂို မူလ ဗီဇ မှာကတည်းက တည်ငြိမ်မှု ရှိတဲ့ စနစ် မဟုတ်ပါဘူး။ အုပ်စုကွဲတွေ ပေါ်တဲ့အပြင် နိုင်သူစားစတမ်း၊ ခွန်အားကြီးသူက သမိုင်းရေးစတမ်း စနစ်မျိုးဖြစ်ပါတယ်။ ရာထူးကြီးသူတွေကို တခြား ရာထူးကြီးသူတွေ/ငယ်သူတွေက ပြန်လည် ဖယ်ရှားတယ်။ ကိုယ်ကျိုးစီးပွား နဲ့ ကိုယ့် နာမည် အတွက် ဆို ဘာမဆို လုပ်ရဲတယ်။ စစ်တပ်သမိုင်းကို ပြန်ကြည့်ရင်လည်း အဏာရှင်နေဝင်းက သူ့ကို အာဏာသိမ်းဖို့ ကြံစည်သူတွေကို ကိုယ့်တပ်ကိုယ်နင်း ဖယ်ရှားသတ်ဖြတ်ခဲ့တာတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။

မင်းအောင်လှိုင် အနေနဲ့လည်း သူ့ ရာထူး တည်မြဲရေး အတွက် လက်အောက် ငယ်သားတွေကို ချကျွေးတာတွေ၊ ဖြုတ်ထုတ်သတ် ရှင်းလင်းရေး လုပ်တာတွေ ရှိနေပါတယ်။ ရှေ့တန်းစစ်မျက်နှာမှာ ကြီးကြီးမားမား အောင်ပွဲ မရယူနိုင်တဲ့ မင်းအောင်လှိုင်က သူ့အရှုံးကို လက်အောက်ငယ်သား ဗိုလ်မှူးချုပ်တွေကို သေဒဏ်ပေးတာတွေ၊ တိုင်းမှူးတွေ၊ တပ်မမှူးတွေ ကို မကြာခဏ ရာထူးဖြုတ်ပယ် ဖမ်းဆီး ထောင်ချတာတွေ လုပ်ဆောင်နေပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့ အကဲခတ်တွေကတော့ ရမခ ကျရှုံးပြီးတဲ့နောက် မင်းအောင်လှိုင် ကို စစ်အုပ်စုမှာ သဘောထားတင်းမာသူတွေ၊ အုပ်စုတောင့်တဲ့ စစ်အရာရှိဟောင်းတွေက ရာထူးက ဖယ်ရှားဖို့ ကြိုးစားနိုင်သလို စစ်မြေပြင်မှာ လက်တွေ့တိုက်နေတဲ့ တပ်မှူးကြီးတွေ၊ တိုင်းမှူးတွေ၊ တပ်မ၊ စကခမှူးတွေ၊ ကစထမှူးတွေက ပြန်လည် အာဏာသိမ်းတာတွေ ပေါ်ပေါက်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုကြပါတယ်။

ဘာလို့လဲ ဆိုတော့ စစ်မြေပြင်မှာ တိုက်နေရတဲ့ တပ်မှူးတွေဟာ မင်းအောင်လှိုင်ရဲ့ လက်တွေ့မကျတဲ့ အမိန့်တွေ နာခံနေရသလို၊ စစ်မဟာဗျူဟာအရ လိုအပ်တဲ့ အဆုတ်၊ အတက်ကိုလည်း လက်ခံခြင်းမရှိဘဲ လိုအပ်ချက်အရ ဆုတ်ခွာလာတဲ့ တပ်မှူးတွေကို ဖြုတ်တာ၊ သေဒဏ်ချတာတွေ လုပ်ဆောင်နေတဲ့ အတွက် တပ်မှူးတွေကြားမှာ မကျေနပ်မှု တိုးပွားလာပြီး မင်းအောင်လှိုင်ကို ပြန်လည် ပုန်ကန်လာနိုင်တယ်လို့ ဆိုပါတယ်။

စစ်မြေပြင်မှာ လိုအပ်ချက်အရ တချို့သော မြို့တွေ၊ နယ်မြေတွေ၊ ခံစစ်လိုင်းတွေကို စွန့်လွှတ်ဖို့လိုအပ်ပါတယ်။ ပြီးမှ လိုအပ်သလို စစ်ကစားပြီး တန်ပြန် ထိုးစစ် ဆင်တာ၊ ပြန်လည် သိမ်းပိုက်တာတွေ လုပ်ရလေ့ရှိပါတယ်။ မင်းအောင်လှိုင်ကတော့ တပ်မှူးတွေကို လိုအပ်တဲ့ စစ်ကစားခွင့်ကို ပေးမထားဘဲ တော်လှန်ရေး အင်အားစုတွေ လာတိုက်ရင် အသေခံ ကာကွယ်ကြဖို့ နောက်မဆုတ်ကစတန်း ခုခံခိုင်းနေပါတယ်။

အဲဒီလို အခြေအနေမှာ တော်လှန်ရေး အင်အားစုတွေက စခန်းတွေ၊ နယ်မြေတွေကို သိမ်းယူနေတာမို့ လိုအပ်ချက်အရ စစ်ကူတောင်းတာ၊ တပ်ဆုတ်ခွင့်တောင်းရင်လည်း ခွင့်ပြုခြင်း မရှိတဲ့ အတွက် တချို့ တပ်မှူးတွေဟာ တော်လှန်ရေး အင်အားစုတွေထံကို လက်နက်ချတာ၊ ဘက်ပြောင်းတာတွေ လုပ်ဆောင်လာပါတယ်။

လောက်ကိုင် ဒကစ၊ လားရှိုး စစ်တိုင်းဌာနချုပ်၊ သင်္ကန်းညီနောင် ဗျူဟာ စခန်းသိမ်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လက်နက်ချမှုတွေဟာ သိသာထင်ရှားတဲ့ ဖြစ်ရပ်တွေပါ။ ဒီလို ဖြစ်စဉ်တွေ များလာရင်တော့ စစ်တပ်ရဲ့ မြေပြင်တပ်မှူးတွေဟာ တော်လှန်ရေး အင်အားစုတွေဘက်ကို အလုံးအရင်း နဲ့ လက်နက်ချတာ၊ ဘက်ပြောင်းတာ ဖြစ်နိုင်သလို တချို့ တပ်မှူးတွေဟာ မင်းအောင်လှိုင်ရဲ့ မဖြစ်နိုင်တဲ့ အမိန့်တွေကို လက်ခံခြင်း မရှိဘဲ လုပ်ကြံသတ်ဖြတ်တာ၊ တန်ပြန် အာဏာသိမ်းတာတွေ မှုတွေရှိလာနိုင်တယ်လို့ အကဲခတ်တချို့က ဆိုပါတယ်။

ဒုတိယ ကမ္ဘာ စစ် ကာလတုန်းက ဂျာမနီ နိုင်ငံတော် နဲ့ လူမျိုးကို နာဇီဝါဒထက် ပို တန်ဖိုးထားတဲ့ ဂျာမန်တပ်မှူးငယ် တချို့က ဟစ်တလာကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ အလားတူ ဖြစ်ရပ်မျိုးတွေလည်း မြန်မာ စစ်တပ်တွင်းမှာ ပေါ်ပေါက်လာနိုင်ခြေရှိပါတယ်။ သေချာတာကတော့ မင်းအောင်လှိုင်ရဲ့ စစ်ရေး အရှုံးကြီးတွေ၊ နိုင်ငံရေး တွက်ဆမှု အလွဲကြီးတွေကြောင့် မကြာခင် ကာလမှာ ရာထူးက ဖယ်ရှားခံရတာ၊ လက်အောက် တပ်မှူးကြီး၊ တပ်မှူးငယ်တွေက ပုန်ကန်တာတွေ ပေါ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်

- Advertisement -spot_img

More articles

1 COMMENT

Comments are closed.

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article