32 C
Yangon

မြန်မာနိုင်ငံအခြေအနေက တရုတ်နိုင်ငံအတွက် စိတ်ပူပန်စေဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောဆိုပြန်

Must read

မြန်မာနိုင်ငံအခြေအနေက တရုတ်နိုင်ငံအတွက် စိတ်ပူပန်စေဟု နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြောဆိုပြန်

ရန်ကုန်၊ ဩဂုတ် ၁၇

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများသည် တရုတ်နိုင်ငံအတွက် စိတ်ပူပန်စေရကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဩဂုတ်လ ၁၆ ရက်နေ့ ပြုလုပ်သော တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် တရုတ် နိုင်ငံခြား ရေးဝန်ကြီး ဝမ်ယိက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်း၊ မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရသော စည်းသုံးခုကို ခိုင်မာစွာထိန်းသိမ်းထားရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ်ဖြစ်ပွား၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်း ကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံအခြေအနေကို ပိုမိုနားလည်ကာ မြန်မာနိုင်ငံအား ကူညီပေးရန် စွမ်းရည်နှင့်ဆန္ဒပိုမိုရှိကြကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက်ပိုလိုလားသောသူ မရှိပါကြောင်း၊ တရုတ်အနေဖြင့် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှု ဖော်ဆောင်ရန် ထောက်ခံအားပေးပါကြောင်း၊ စစ်ကောင်စီ ၏“ရှေ့လုပ်ငန်းစဉ်ငါးရပ်” သည် အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် အထောက်အကူပြုသဖြင့် နားလည်လေးစားပေးသင့်ကြောင်း၊ တစ်ချိန်တည်းတွင် “ရှေ့လုပ်ငန်းစဉ်ငါးရပ်” အသစ်နှင့် အာဆီယံ၏ “ဘုံသဘောတူညီချက်ငါးရပ်” ၏ ကိုက်ညီသည့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အားအဖြစ်ဖော်ဆောင်ရမည်ဖြစ်ကြောင်း တရုတ်ကဆိုသည်။

ဒုတိယအချက်မှာ မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်ကြောင်း၊ ကူညီမှုများကို အတိုက်အခံပဋိပက္ခပြုလုပ်ရာတွင် အသုံးမပြုဘဲ ပြည်သူလူနေမှုဘဝကို အာမခံရာတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်ကြောင်း တရုတ်က ဆက်ပြောသည်။

မြန်မာနိုင်ငံနှင့် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန် ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီးရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည်ဖြစ်ကြောင်း၊ တတိယအချက်မှာ အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံ အရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွထောက်ခံအားပေးခြင်း၊ အာဆီယံက စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားမှုနှင့် အာဆီယံ၏ဗဟိုတည်နေရာကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်းပြင်ပအင်အားများက အခြေအနေပျက်အောင် နှောင့်ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာမှုကို သတိထားရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

ထို့ပြင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုကို တစ်ဆင့်တိုးခိုင်မာစေရန်၊ နယ်ပယ်စုံလက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ မြန်မာနိုင်ငံရှိတရုတ်ဝန်ထမ်း၊ စီမံကိန်းနှင့် တရုတ်-မြန်မာနယ်စပ်ဒေသ ဘေးကင်းလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုကို လက်တွေ့ကျကျ ကာကွယ်ထိန်းသိမ်းပေးရန်၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများအား ပူးတွဲတိုက်ဖျက်မှုကို တိုးမြှင့်ရန်၊ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက် အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာလာအောင် မြှင့်တင်ဆောင်ရွက်သွားရန်တို့ကို သဘောတူညီခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုကြောင်း သိရှိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံ လာရောက်စဉ် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စစ်အာဏာရှင်ဟောင်း သန်းရွှေတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article