သထုံမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၁၉
မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
သြဂုတ်လ ၁၇ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီ ၃၅ မိနစ်ခန့်တွင် ဘီးလင်း မြင်သာတောင်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏ ခလရ-၈ တပ်ရင်းရှိ လက်နက်ကြီးကုန်း စခန်းက လက်နက်ကြီး ၄ လုံး ပစ်ခတ်ရာ ဒေါက်ရပ်ကျေးနယ်ရှိ တောင်ကလေးရွာနှင့် ရွှေအင်ဒုံရွာ ထဲကို ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တောင်ကလေးရွာ နတ်ကြီးချောင်အပိုင်းတွင် နေထိုင်သော အသက် ၂၄ နှစ် အရွယ် နော်မိုးမိုးအေး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး အသက် ၅၅ နှစ်အရွယ် စောကွယ်ဒူး ၊ အသက် ၅၇ နှစ်အရွယ် စောဒုံးပျံ၊ အသက် ၆၀ အရွယ် နော်မနွဲ့ ၊ အသက် ၄၀ နှစ်အရွယ် နော်မငယ် နှင့် ရွှေအင်ဒုံရွှာတွင်နေထိုင်သော အသက် ၆၃ နှစ်အရွယ် ဒေါ်မတုတ် တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အလားတူ ယင်းနေ့ နံနက် ၅ နာရီ ၂၀ မိနစ်ခန့်ကလည်း တောင်ကလေးရွာ မစောတံတား အနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးအင်အားစုများ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်နေချိန် တောင်ကလေးရွာမှ ငါးထပ်ကြီးအပိုင်းတွင် နေထိုင်သော ကိုစောမောင်နိုင် သည် ငါးပိုက် ဖော်ရန် တိုက်ပွဲဖြစ်ပွားသည့် အနီးတွင်ရှိနေစဥ် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော သေနတ်ကျည် ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။