ရန်ကုန်၊ ဩဂုတ် ၂၃
မြန်မာနိုင်ငံတွင် အကြမ်းဖက် အာဏာသိမ်းထားသော စစ်တပ်အနေဖြင့် နိုင်ငံရေးတိုက်ပွဲနှင့် စစ်ပွဲများတွင် ရှုံးနိမ့်နေပြီဖြစ်ပြီး တော်လှန်ရေးတပ်များက အနိုင်ရရှိနေပြီဖြစ်ကြောင်း အရှေ့တီမောသမ္မတ JoseRamos-Horta ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ၊ ဩစ တြေးလျလွှတ်တော်အမတ် Janelle Saffin ၊ မြန်မာ့အရေးလေ့လာသူ အီဂေါဗလစ်နှင့် စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ်တို့က အမြင်တူစွာ ပြောဆိုကြသည်။
ဩဂုတ်လ ၂၁ ရက်နေ့ ပြုလုပ်ခဲ့သည့် “မြန်မာ့နွေဦးတော်လှန်ရေး၏ အောင် မြင် မှု များအပေါ် ရှုမြင်ချက်များ ” စကား၀ိုင်းအစီအစဉ်တွင် မြန်မာ့အရေးတက်ကြွလှုပ်ရှားကြသော အဆိုပါခေါင်း ဆောင်များနှင့် လေ့လာသူ ပညာရှင်များက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“မြန်မာစစ်တပ် (တပ်မတော်) အနေနဲ့ စစ်ပွဲမှာ ရှုံးနေတယ်။ နိုင်ငံရေးတိုက်ပွဲမှာလည်း ကျရှုံးနေပါတယ်။ လူထုနဲ့ နိုင်ငံတကာအသိုက်အ၀ိုင်းရဲ့ ယုံကြည်မှုနဲ့ လေးစားမှု အပါအဝင် အရာရာအားလုံးကို စစ်တပ်က ဆုံးရှုံးနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ တွေအနေနဲ့ အသာစီးရနေပြီ။ သူတို့က စစ်ပွဲရော တိုက်ပွဲမှာရော အနိုင်ရနေပါပြီ” ဟု အရှေ့တီမောသမ္မတ JoseRamos-Hortaက ဆိုသည်။
ယင်းအမြင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromya ကလည်း ထောက်ခံ သဘောတူညီပြီး အာဆီယံ ၉ နိုင်ငံက မြန်မာ့အရေးအတွက် ညီညွတ်မှု မရှိကြောင်း၊ အာဆီယံ စုပေါင်း ခေါင်းဆောင်မှု၏ ကျရှုံးမှုပင်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်အနေဖြင့် အနိုင်ရရန် မဖြစ်နိုင်တော့သဖြင့် အာဆီယံမှ နိုင်ငံတစ်နိုင်ငံ မြန်မာ့အရေးအတွက် ညီလာခံတစ်ခု ခေါ်ယူသင့်ကြောင်း သုံးသပ်ပြောဆိုသည်။
“ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေနဲ့ မြန်မာ့အရေးကို အာဆီယံအပေါ်မှာပဲ ပုံချထားလို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ အာဆီယံမှာ မြန်မာ့အရေးအတွက် ဖြေရှင်းချင်တဲ့ ဆန္ဒမရှိသလို ခေါင်းဆောင်မှုလည်း မပေးနိုင်ပါဘူး။ ဒီမိုကရက်တစ် အစိုးရတွေအနေနဲ့ အာဆီယံ ကန့်လန့်ကာနောက်မှာ ပုံးကွယ်နေတာတွေကို ရပ်တန့်ရပါမယ်၊ ကန့်လန့်ကာနောက်က ထွက်လာပြီး လုပ်သင့်တာတွေ လုပ်ရပါမယ်” ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း Kasit Piromyaက ပြော သည်။
အလားတူ ဩစတြေးလျ လွှတ်တော်အမတ်ကလည်း အာဆီယံအနေဖြင့် မြန်မာစစ်ကောင်စီယန္တရားကို ဆက်လက် ဖိတ်ခေါ်နေဆဲဖြစ်ကြောင်း၊ ထိုသို့သော လုပ်ဆောင်မှုများကို ပြောင်းလဲရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
မြန်မာ့အရေးကျွမ်းကျင်သူ အီဂေါဗလစ်ကလည်း စစ်ကောင်စီကို အရေးယူမှု မရှိဘဲ မျက်ကွယ်ပြုနေခြင်းက မြန်မာပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခြင်းနှင့် ဖျက်ဆီးခြင်းများကို ခွင့်ပြုခြင်းပင်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။
စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာရှောင်တာနယ်ကမူ နိုင်ငံတကာအသိုင်းအ၀ိုင်းအနေဖြင့် စစ်ကောင်စီကို စီးပွားရေးအရသော် လည်းကောင်း၊ သံတမန်ရေးအရသော်လည်းကောင်း အသိအမှတ်မပြုရန် လိုအပ်ကြောင်း၊ စစ်ကောင်စီသည် ရေရှည် ရပ်တည်နိုင်မည်မဟုတ်ကြောင်း၊ ဘဏ္ဍာရေးအရ ပိတ်ဆို့ အရေးယူမှုများနှင့် လေယာဉ်ဆီတင်ပို့မှုများကို အရေးယူရမည်ဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar