ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ရွာတွင် တပ်စွဲပြီး အနီးအနားရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား
ရန်ကုန်၊ ဩဂုတ် ၂၈
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ရွာတွင် တပ်စွဲပြီး အနီးအနားရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားကြောင်း တိုက်ဒေါင်းအဖွဲ့ဒုတာဝန်ခံ ဖိုးခွားက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၃ ရက်နေ့တွင် ပျော်ဘွယ်မြို့နယ်၊ ပေပင်ရှည်ကျေးရွာ အတွင်း တပ်စွဲပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် တပ်မ ၉၉ မှ အင်အား ၅၀ ကျော်ပါ စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ပေပင်ရှည်အုပ်စု နှင့် ဘိုကုန်းကျေးရွားအနီး၌ ဩဂုတ်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင် ၂ ရက်ဆက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၂၇ ရက်နေ့ မိုင်းဆွဲ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား ၁၇ ဦး သေဆုံးပြီး ဩဂုတ်လ ၂၈ ရက်နေ့ မိုင်းဆွဲ တိုက်ခိုက်မှုတွင် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီ တပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို ဆက်လက် စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။
“၂၇ ရက်နေ့ မိုင်းဆွဲ တိုက်ခိုက်မှုမှာ စစ်ခွေး ၁၇ ကောင်သေတယ်။ ၂၈ ရက်နေ့ မိုင်းဆွဲ တိုက်ခိုက်မှုမှာတော့ စစ်ခွေး ၃ ကောင်သေဆုံးတယ်။ အတိုအပြတ်တွေ ရှိတယ်လို့ ကျွန်တော်တို့ သတင်းရထားတယ်။ စာရင်းကတော့ စုံစမ်းနေတုန်းပါပဲ” ဟု တိုက်ဒေါင်းအဖွဲ့ဒုတာဝန်ခံ ဖိုးခွားက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို တိုက်ဒေါင်းတပ်ဖွဲ့ ၊ ရမည်းသင်းခရိုင် ပကဖ ၊ သာစည် ပကဖ နှင့် ပျော်ဘွယ် ပကဖ စသည့် ညီနောင် ၄ဖွဲ့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။