နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေ
ရန်ကုန်၊ ဩဂုတ် ၂၈
ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေကြောင်း TNLA က ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း၊ ၄၀၆ တပ်စခန်းနှင့် ၂၀၆ တပ်စခန်းတို့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက် ၃ နာရီခန့်တွင် စေတီကုန်းရှိ ၄၀၆ စစ်တပ် စခန်း၌ လည်းကောင်း၊ နံနက် ၆ နာရီခန့်တွင် တောင်ခမ်းကျေးရွာရှိ ၉၀၂ တပ်၌ လည်းကောင်း၊ နံနက် ၆ နာရီ မှ ညနေ ၅ နာရီ အထိ ၂၀၆ စစ်တပ်၌ လည်းကောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အင်းဖိုကျေးရွာနှင့် တောင်ခမ်းရွာ၌လည်း အကြမ်းဖက် စစ်တပ်၏ ၉၀၂ တပ်စခန်း တိုက်ပွဲအတွင်း၌ စစ်ကောင်စီတပ်က Y12 ဖြင့် ၃ ကြိမ် ၊ ဗုံး ၁၀၀ လုံး၊ ဂျက်ဖိုက်တာဖြင့် ၄ ကြိမ်၊ ဗုံး ၆ လုံး၊ မိုင်တိုင် ၇ တွင် ဂျက်ဖိုက်တာဖြင့် ၁ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းကို စစ်အင်အားပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် အကြမ်းဖက် စစ်တပ်က ထိုးစစ်ဆင်လာ၍ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။