၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်သူ/အကုန်ယူ FPTP စနစ်ဖြင့်သာ ရွေးကောက်ပွဲကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီထံတင်ပြထားပြီး နယ်မြေမငြိမ်းချမ်းမှုနှင့် အချိန်ကာလ တိုတောင်းမှုကြောင့် အချိုးကျ ကိုယ်စားပြု PR စနစ် သုံးရန် မသင့်တော်သေး၊ စစ်ခေါင်း ဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ် ချက်ကို စောင့်ဆိုင်းနေဆဲဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂
အကြမ်းဖက်စစ်ကောင်စီက တင်ပြရန် ရှိနေသည့် ၂၀၂၅ ရွေးကောက်ပွဲတွင် နိုင်သူ အကုန်ယူ စနစ်ဖြစ်သော FPTP (First-Past-The-Post) စနစ်ဖြင့်သာ ရွေးကောက်ပွဲ ကျင်းပရန် ရွေးကောက်ပွဲကော်မရှင်က စစ်ကောင်စီထံ တင်ပြထားပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြောင်း သိရှိရသည်။
လက်ရှိ တိုင်းပြည်၏ အခြေအနေများနှင့် နယ်မြေ စိုးမိုးမှု ခက်ခဲနေခြင်းတို့ကြောင့် ၂၀၂၅ ခုနှစ်တွင် အလွယ်ကူဆုံး စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရန်မှာ FPTP ခေါ် နိုင်သူအကုန်ယူစနစ်သာဖြစ်ကြောင်း၊ PR စနစ်ခေါ် Proportional Representation အချိုးကျကိုယ်စားပြု စနစ်ကို အကောင်အထည်ဖော်ရန်အတွက်မှာ အဆိုပါစနစ်ကို အကောင်အထည်ဖော်မည့် တိုင်းရင်းသားဒေသများ အပါအဝင် နယ်မြေအများစုမှာ ငြိမ်းချမ်းမှုမရှိခြင်းနှင့် လုံခြုံရေး အားနည်းနေခြင်း ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပြဋ္ဌာန်းပြင်ဆင်ရန် လိုအပ်ခြင်း၊ လက်ရှိ ပြည်နယ်/တိုင်း၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်များက PR စနစ်ကို သိရှိနားလည် ကျွမ်းကျင်လာစေရန် ပြင်ဆင်မှုများ လိုအပ်ခြင်း၊ PR နှင့်ပတ် သက်သော မဲပေးမှုဆိုင်ရာ အသိပညာပေးမှုများ အချိန်ထပ်မံ ယူရန် လိုအပ်ခြင်း၊ ရှုပ်ထွေးမှုများ ရှိလာနိုင်ခြင်း စသော ပြဿနာများစွာ ရှိနေကြောင်း သိရှိရသည်။
“ကောင်စီဝင်တချို့နဲ့ ရွေး/ကော်ဘက်ကတော့ FPTP စနစ်နဲ့ပဲ ရွေးကောက်ပွဲ အမြန်လုပ်နိုင်မယ် ဆိုတာ တင်ပြထားတယ်။ PR စနစ်နဲ့ ဆိုရင်တော့ အချိန်က သိပ်မကျန်တော့ဘူး။ ဥပဒေပြဋ္ဌာန်းပြင်ဆင်ရမယ်။ လေ့ကျင့်သင်ကြားရမယ့် အစီအစဉ်တွေနဲ့ အချိန်ကြာနိုင်တယ်။ ဘယ်ဟာကို ဆုံးဖြတ်မလဲတော့ မသိရသေးဘူး။ သူ့ဆုံးဖြတ်ချက်(မင်းအောင်လှိုင်)ကိုပဲ စောင့်ဆိုင်းနေကြတာ” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာမည့် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပြီး ယခုလာမည့် အောက်တို ဘာလအတွင်းတွင် သန်းခေါင်စာရင်းနှင့်မဲစာရင်းများကို ပြုစုမည်ဖြစ်ကြောင်း ကြေညာထား သည်။
လက်ရှိ စစ်ကောင်စီက စစ်ရှုံးနေသော အခြေအနေများအရ ရွေးကောက်ပွဲ ကျင်း ပမည်ဆိုပါက တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲ တစ်ပြိုင်နက်တည်း ကျင်းပရန် မဖြစ်နိုင်ဘဲ အပိုင်းလိုက်ကျင်းပမည်ဟု စစ်ခေါင်းဆောင်က ပြော ဆိုထားသကဲ့သို့ ရွေးကောက်ပွဲကော်မရှင်ကလည်း သက်ဆိုင်ရာ ခရိုင်နှင့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်များ၏ လုံခြုံရေး၊ မဲရုံများ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြောင်း၊ ရွေးကောက်ပွဲကြောင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရုံးများကို ဦးတည်တိုက်ခိုက်လာမည်ကို စိုးရိမ်လျက်ရှိသဖြင့် နယ်မြေလုံခြုံရေး သေချာစွာ စီစဉ်ပေးနိုင်သော နေရာများတွင်သာ ရွေး ကောက်ပွဲကို ဦးစားပေး ကျင်းပပေးရန် ရွေးကောက်ပွဲကော်မရှင်ဘက်ကလည်း လိုလားလျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- မြန်မာ့ ရွေးကောက်ပွဲကာလ ဆန္ဒမဲများ ရေတွက်နေစဉ်။ (ပုံအဟောင်း ဖြစ်ပါသည်။)
Photo- Agency ။