31 C
Yangon

ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေ

Must read

ကရင်နီတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုခြင်းများကြောင့် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကရင်နီပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုများ၊ မြေပြိုခြင်းများ နေရာအနှံ့ဖြစ်ပေါ်နေပြီး ရေဘေးသင့် ပြည်သူများအတွက် စားနပ်ရိက္ခာ၊ တစ်ကိုယ်သုံးပစ္စည်းများနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်သည်။

လက်ရှိတွင် ယာယီရွှေ့ပြောင်းနေထိုင်ရသူ ၂၈၇၃၅ ဦးအတွက် အခြေခံစားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အိမ်ထောင်စု ၅၇၄၇ စုအတွက် အရေးပေါ် တစ်ကိုယ်သန့်ရှင်းရေးအပါအဝင် သောက်သုံးရေးများ လိုအပ်လျက်ရှိကာ ပါဝင်လှူဒါန်းရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက နှိုးဆော်ထားသည်။

ဖယ်ခုံမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် စစ်ရှောင်စခန်း ၃ ခု၊ လူဦးရေ ၂၆၀၀ ကျော် ရေဘေးသင့်နေရသည့်အပြင် တိကျိတ်ကျေးရွာတွင် တောင်ကျရေစီးဆင်းသည့်အတွက် မြေပြိုကာ လူ ၃ ဦးသေဆုံးခဲ့ကြောင်း၊ နေအိမ် ၂၅ လုံးခန့်ပျက်စီးခဲ့ရကြောင်း၊ လွိုင်ကော်မြို့တွင်မူ အကြမ်းဖက်စစ်တပ်က မိုးဗြဲရေကာတာက ရေထပ်မံလွှတ်ချလိုက်၍ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာနှင့် စစ်ရှောင်စခန်း ၁ ခုတွင် လူဦးရေ ၅၀၀၀ ခန့် ရေလွှမ်းမိုးမှု ခံနေရကြောင်း၊ စိုက်ပျိုးထားသည့် လယ်ယာစပါးဧက ၃၀၀၀ ကျော် ရေလွှမ်းမိုးပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဒီးမော့ဆိုမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း ရေဘေးသင့် ကျေးရွာနေ ပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူရေ စုစုပေါင်း ၁၀၀၀၀ ခန့်ရှိကြောင်း၊ ရေကြီးရေလျှံသည့်အတွက် စစ်ရှောင်စခန်း ၇ ခုရေလွှမ်းခံ၍၍ အရေးပေါ် ရွှေ့ပြောင်း ယာယီနေရာချထားရကာ စပါးစိုက်ခင်းဧက ၁၀၀၀ အပါအဝင် အခြား ကောက်ပဲ သီးနှံ့နှင့် နှမ်းစိုက်ခင်းများ လွှမ်းမိုးပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ဖရူဆိုမြို့နယ်တွင်လည်း တစ်ပတ်အတွင်း မိုးအဆက်မပြတ်ရွာသည့်အတွက် ကျေးရွာတစ်ရွာတွင် မြေပြိုမှုဖြစ်ပွားကာ ကျေးရွာခန်းမဆောင် ၁ ဆောင်၊ စပါးကျီ ၁ လုံး ပျက်စီးကာ ကျေးရွာအတွင်း မြေအက်ကြောင်းများ ဖြစ်ပြီး အိမ်ခြေ ၃၀ ၊ လူဦးရေ ၂၀၀ ခန့် အရေးပေါ် ပြောင်းရွှေ့ခဲ့ရသည့်အပြင် လမ်းနှင့် တံတားများ ပြိုကျပျက်စီးမှုကြောင့် ဒေသပြည်သူများနှင့် စစ်ရှောင် ၁၀,၀၀၀ ခန့် သွားလာရေးအခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက သတင်းထုတ်ပြန်ထားသည်။

ရှားတောမြို့နယ် ခေါ် ဆိုမိုပရေဆိုးလေးမြို့နယ်အတွင်းတွင်လည်း ပွန်ချောင်းရေကြီးရေမြင့်တက်မှုကြောင့် စူးဖဲလော့ကျေးရွာ၊ နော်ပလုကျေး ရွာ၊ ပွန်ချောင်း ကျေးရွာနှင့် စစ်ရှောင်စခန်တစ်ခုတို့ကို ရေလွှမ်းမိုးခဲ့သည့်အတွက် လူဦးရေ ၁၃၃၅ ဦးခန့် ရေဘေးသင့်ကာ နေအိမ်များအပါ အဝင် ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

ထိုသို့ ရေကြီး ရေလျှံမှုများကြောင့် အခက်အခဲတွေ့နေရသည့် ပြည်သူများအ တွက် အရေးပေါ် တဲဆောက်လုပ်နေထိုင်နိုင်ရန် မိုးကာ၊ ဝါးနှင့် သွပ်ကြိုးများလည်း လိုအပ်နေပြီး ပါဝင်လှူဒါန်းလိုသူများ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန၏ တယ်လီဂရမ်နှင့် Signal ဖြစ်သည့် +66955751317 တို့သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကရင်နီတွင် ရေကြီးမှုကြောင့် လမ်းများ ပျက်စီးနေစဉ်။

Photo- Lay Myar Phray Facebook ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article