27 C
Yangon

မိုင်းပြင်းရှိ RCSS တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်တပ်ကို ခုခံတိုက်ခိုက်မှု လက်နက် ၃ လက် သိမ်းဆည်းရရှိ

Must read

မိုင်းပြင်းရှိ RCSS တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်တပ်ကို ခုခံတိုက်ခိုက်မှု လက်နက် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းပြင်းမြို့နယ်၊ ယင်းခမ်းကျေးရွာအုပ်စုရှိ RCSS တပ်စခန်းကို ထိုးစစ်ဆင် တိုက်ခိုက်သည့် စစ်တပ်ကို ခုခံတိုက်ခိုက်ရာ လက်နက် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မိုင်းပြင်းမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့စစ်များ ပူးပေါင်းအင်အား ၁၀၀ ကျော်ခန့်သည် ယင်းခမ်းကျေးရွာ အုပ်စု အတွင်းရှိ သျှမ်း ပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်စခန်းကို ထိုးစစ် ဆင်တိုက်ခိုက်ခြင်းကြောင့် အပြန်အလှန်ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း သိရသည်။

“မနေ့က နေ့လည်ခင်းက စစ်တပ်နဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့တွေ အင်အား ၁၀၀ ကျော်လောက်ရှိမယ်။ ကျနော်တို့ရှိတဲ့တောင်ကုန်းဆီကို ထိုးစစ်ဆင်လာလို့ တိုက်ပွဲဖြစ်တာ ၁ နာရီကျော်ကျော်ဝန်းကျင် လောက်ကြာတယ်။ နောက်ပိုင်းပြန်ဆုတ်သွားတယ်။ နယ်မြေရှင်းလင်းလိုက်တော့ လက်နက်အချို့ သိမ်းဆည်းရရှိခဲ့တယ်။ စကစ သေဆုံးမှုတော့ရှိတယ်။ ကျနော်တို့တော့ အတိအကျ မသိဘူး။ လက် နက် သိမ်းဆည်းရရှိခဲ့တယ်ဆိုတော့ အနည်းဆုံးတော့ ဒဏ်ရာရတာလည်းရှိမယ်။ သေဆုံးတာလည်း ရှိမယ်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း RCSS/SSA တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိကြောင်း၊ ယနေ့ စက်တင်ဘာလ ၂၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ရေးတင်းမာနေဆဲဖြစ်ပြီး RCSS/SSA အနေဖြင့် စစ်အင်အားဖြည့်တင်းကာ တပ်လှန့်ထားကြောင်း သိရသည်။

“သူတို့တပ်နာမည်တော့ ကျနော်တို့ အတိအကျ မသိရသေးဘူး။ ဒီနေ့တော့ တိုက်ပွဲမဖြစ်ပေမယ့် ကျနော်တို့ဘက်ကတော့ အင်အားထပ်ဖြည့်ထားတယ်။ ဒီနေ့အခြေအနေ အသေးစိတ်တော့မသိရ သေးဘူး။ ဒါပေမယ့်စစ်ရေးတင်းမာမှုတော့ရှိတယ်။ ကျနော်တို့ဘက်က တပ်လှန့်ထားတာရှိတယ်။ အဲဒီ အရှေ့ဘက်ကမှာ ကျနော်တို့အနေနဲ့ ပြောက်ကျားစစ်နဲ့ပဲဆိုတော့ စခန်းအကြီးကြီးတွေ မဆောက်ထားဘူး။ ရွှေ့လျားပြောက်ကျားစစ်နဲ့ပဲ ခုခံစစ်လုပ်နေတယ်” ဟု RCSS/SSA ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက ပြောဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ တတိယပတ်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေး ဖော်ဆောင်မှု ကော်မတီ (NSPNC) က 7 EAO Alliance အဖွဲ့ဝင်များကို နေပြည်တော်၌ ဖိတ် ခေါ် တွေ့ဆုံခဲ့ရာ ကျန်အဖွဲ့ဝင် (၆) ဖွဲ့ တက်ရောက်ခဲ့သော်လည်း 7 EAO Alliance အဖွဲ့ခေါင်း ဆောင်တာဝန်ယူထားသည့် RCSS က တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article