27 C
Yangon

တောင်ငူ ၊ကျောက်လုံးကြီးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်ဝင်းကို မြို့ပေါ် ဆန်ဝယ်ယူပြီး ပြန်လာစဉ် စစ်တပ် စစ်ဆေးရေးဂိတ်က ထိုး ကြိတ်ဖမ်း ဆီး၊ လူရော ကားပါ သတင်းအစအန ပျောက်ဆုံးနေ

Must read

တောင်ငူ ၊ကျောက်လုံးကြီးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်ဝင်းကို မြို့ပေါ် ဆန်ဝယ်ယူပြီး ပြန်လာစဉ် စစ်တပ် စစ်ဆေးရေးဂိတ်က ထိုး ကြိတ်ဖမ်း ဆီး၊ လူရော ကားပါ သတင်းအစအန ပျောက်ဆုံးနေ

ရန်ကုန်၊ စက်တင်ဘာ ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် ၊ကျောက်လုံးကြီးကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်ဝင်းကို မြို့ပေါ် ဆန်ဝယ်ယူပြီး ပြန်လာစဉ် စစ်တပ် စစ်ဆေးရေးဂိတ်က ထိုးကြိတ်ပြီး လူရော၊ ကားပါ ဖမ်းဆီးကာ သတင်းအစအန ပျောက်ဆုံးနေကြောင်း ၎င်း၏ မိတ်ဆွေတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ တောင်ငူမြို့နယ် ကွမ်းပင်ကျေးရွာအုပ်စု ကျောက်လုံးကြီးကျေးရွာမှ ကုန်စုံဆိုင်ပိုင်ရှင် ကိုအောင်ကျော်ဝင်းသည် တောင်ငူမြို့ပေါ်သို့ ဆန်တက်ဝယ်ခဲ့ကြောင်း၊ ယင်းနောက် ဆန်တင်ကားနှင့်အတူ ကိုအောင်ကျော်ဝင်း ပြန်လာစဉ် စစ်ကောင်စီ၏ တောင်ငူမြို့ ဘုရားခြေရင်းဂိတ် ၃၉ တပ်ရင်းမှ စစ်သားများက ၎င်းကို ထိုးကြိတ် ဖမ်းဆီးသွားခဲ့ကြောင်း၊ လက်ရှိတွင် ကိုအောင်ကျော်ဝင်း ပျောက်ဆုံးနေသည်မှာ ၆ ရက်ရှိလာပြီဖြစ်ပြီး သတင်းအစအနပင် မရတော့ဘဲ ပျောက်ဆုံးနေကြောင်း သိရှိရသည်။

စစ်တပ်က ကိုအောင်ကျော်ဝင်းကို ဖမ်းဆီးရာတွင် အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကိုအောင်ကျော်ဝင်းထံတွင် ကုန်စုံဆိုင်လိုင်စင်နှင့် အထောက်အထားအပြည့်အစုံရှိကြောင်း၊ ဖမ်းဆီးခံရသူ ကိုအောင်ကျော်ဝင်း၏ ဆန်ဆိုင်သည် ကျောက်လုံးကြီးကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာ ၆ ရွာခန့် အားထား ဆန်ဝယ်ယူနေသည့် ဆန်ဆိုင်ကြီး ဖြစ်ကြောင်း သိရှိရသည်။

“အမြဲဆန်တင်တဲ့ အချိန် ဘာမှ မဖြစ်ဘူး။ နောက်ပိုင်းကျမှ တော်တော်ဆိုးလာတာမျိုးပေါ့။ စစ်တောင်းဂိတ်၊ ၄ မိုင်ဂိတ်က တအားရစ်လို့ ပိတောက်ကုန်းလမ်းကနေ ကွေ့ရှောင်ပြီး ဆန်ဝယ်ရတယ်။ အခုက ရေကြီးတဲ့အချိန်မှာ အဲဒီလမ်းကနေ သွားလာရတာ အဆင်မပြေဘူး။ မပြေတဲ့အတွက် တိုက်ရိုက်ပဲ စစ်တပ်ဂိတ်တွေကို ဖြတ်ပြီး တောင်ငူမြို့မှာ ဆန်သွားဝယ်တာ။ ဆန်တင်ပြီး ပြန်ထွက်တာပေါ့။ အဲဒီမှာ ပျူစောထီး ဒလန်က ဓာတ်ပုံရိုက်၊ စစ်တပ်ဆီ ပို့ပေးပြီး ဖမ်းခိုင်းတာ။ စစ်တပ်က ထိုးကြိတ် ဖမ်းတာ။ ဆိုင်နဲ့ပတ်သက်တဲ့ အထောက်အထားအကုန်ရှိတယ်။ လုပ်ငန်းလိုင်စင်လည်းရှိတယ်။ လူကြီးပိုင်းတွေ သွားတွေ့တော့လည်း မတွေ့ပေးဘူ။ လူရော ကားရော အစပျောက်နေတယ်”ဟု မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

လက်ရှိတွင် ကုန်စုံပိုင်ရှင် ကိုအောင်ကျော်ဝင်းကို စစ်တပ်က မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရဘဲ အစအန ပျောက်ဆုံးနေကြောင်း၊ မိသား စုဝင်များက ၎င်းအတွက် အထူးစိုးရိမ်နေကြကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖမ်းဆီးပြီးနောက် သတင်းအစအန ပျောက်ဆုံးနေသူ ကုန်စုံ ဆိုင်ပိုင်ရှင် ကိုအောင်ကျော်ဝင်း။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article