26 C
Yangon

နိုင်ငံတစ်ဝန်း အကျဉ်းထောင်များတွင် ဆေးကုသခွင့် မရရှိ၍ နိုင်ငံရေးအကျဉ်းသားနှင့်အကျဉ်းသူ ၁၁ ဦး၊ CDM ရဲ ၁ ဦး စုစုပေါင်း ၁၂ ဦး သေဆုံး

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များ အတွင်း ဆေးဝါးစောင့်ရှောက်မှု လုံ လောက်စွာမရရှိ၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား ၉ ဦး ၊ နိုင်ငံရေးအကျဉ်းသူ ၂ ဦး၊ ရဲ CDM (ရဲပြေးအမှုဖြင့် တရားစွဲဆိုခံထားရသူ) ၁ ဦး စုစုပေါင်း ၁၂ ဦး အသက်သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကျဉ်းထောင်များအတွင်းသို့ ဝယ်ယူပို့ဆောင်ရသည့် ဆေးဝါးများ ဆေးကြီးလာပြီး အကျဉ်းထောင်တွင်းရှိ နိုင်ငံ ရေး အကျဉ်းသား၊အကျဉ်းသူများ၏ အသက်များသည် ဈေးပေါလာနေသည့်ပုံစံဖြစ်လာပြီး အကျဉ်းထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှုများ စစ်ကောင်စီက လုံလောက်စွာ မပေးကြောင်း၊ ထောင်ဆေးရုံသည် ဆေးရုံအမည်ခံသာရှိပြီး မသေမီ အကျဉ်း သား‌များကို ယာယီထားသည့် နေရာတစ်ခုပုံစံ ဖြစ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆိုသည်။

” အကျဉ်းဦးစီးဌာနတွေအနေနဲ့ ထောင်တွင်းဆေးကုသမှုနဲ့ ကျန်းမာရေး စောင့် ရှောက်မှု လုံလောက်စွာ ပေးပါ။ ICRC အနေဖြင့်လည်း အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ ပေးနေမှု ရှိ၊ မရှိ စစ်ဆေးခွင့်ရဖို့ ကြိုး စားပေးပါလို့ ပြောချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ယခုနှစ် ဇန်နဝါရီလတွင် ကျိုက်မရောအကျဉ်းထောင်တွင် ပုဒ်မ ၅၄၊ ပုဒ်မ၅၂ (က) နှင့် ထောင်တစ်သက် ချမှတ်ခံထားရသည့် အသက် ၄၃ နှစ်အရွယ် ကိုရာရှင် ခေါ် ဟာရှင် သည် အကြမ်းဖက်စစ်တပ်၏ စစ်ကြောရေးမှ ရရှိသည့် အတွင်း‌ဒဏ်ရာများ ကောင်းစွာကုသခွင့်မရ၍ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း၊ ပုဒ်မ ၅၂ (က) နှင့် ၇နှစ်ချမှတ်ခံထားရသည့် အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်သည်လည်း လေထိုးလေအောင့်ဖြစ်စဉ်တွင် အကျဉ်းထောင် ဆရာဝန်၏ ပေါ့လျော့မှုကြောင့် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မကွေးထောင်တွင်လည်း ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ် ၁၅ နှစ် အမိန့်ချခံထားရသည့် အသက် ၂၂ နှစ်အရွယ် မစုမေအောင်သည် အသည်းရောဂါ အဆုတ်ရောဂါနှင့် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း ၊ ကလေးအကျဉ်း ထောင်တွင်လည်း ပုဒ်မ၅၀၅(က)/၅၂(က)/၅၀(ည)နှင့် ထောင်ဒဏ် ၁၄ နှစ်ကျခံနေရသည့် အသက် ၄၅ နှစ်အရွယ် ကိုကြည်ရအောင်သည်လည်း ဆရာဝန်များ၏ ပေါ့လျော့မှုကြောင့် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလအတွင်းတွင်လည်း မန္တလေးအိုးဘိုအကျဉ်းထောင်ရှိ ပုဒ်မ ၅၀၅(က) ၂ မှုဖြင့် ထောင်ဒဏ် ၆ နှစ်အမိန့်ချခံထားရသည့် အသက် ၃၅နှစ်အရွယ် မယဉ်မိုးသည် ကျောက်ကပ်ရောဂါဖြင့် ဖေဖော်ဝါရီ ၄ ရက်နေ့ တွင် ကျဆုံးခဲ့ကြောင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင်လည်း ပုဒ်မ ၅၀၅/၁၂၄ နှင့် ထောင် ဒဏ် ၈ နှစ်ကျခံနေရသူ အသက် ၆၈ နှစ်အရွယ် ဦးအေးဝင်းသည် ကျဆုံးခဲ့ကြောင်း သိရှိရသည်။

မတ်လတွင်လည်း ဒိုက်ဦးအကျဉ်းထောင်၌ ပုဒ်မ၅၂(က)၊ ပုဒ်မ ၅၀(ည)ဖြင့် ထောင် ၁၄ နှစ်ကျခံနေရသည့် ဦးခင်စိုး အသက် ၆၄ နှစ် သည် စစ်ကြောရေး၏ နှိပ်စက်မှုမှ ရရှိခဲ့သည့် အတွင်းကြေဒဏ်ရာအပြင် ဗိုက်အောင့်ဝေဒနာအပေါ် လုံလောက်သော ဆေးကုသမှု မရ၍ မတ်လ ၆ ရက်နေ့တွင် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

မေလတွင်လည်း ဒိုက်ဦးအကျဉ်းထောင်၌ပင် ပုဒ်မ ၅၀ (ည) ဖြင့်အကျဉ်းကျခံနေရသည့် အသက် ၃၂နှစ်အရွယ် ကိုလင်းလင်းထွန်း(ခ) လယ်ဝေးသည် မေလ ၁၁ ရက်နေ့တွင် သေဆုံးခဲ့ရကြောင်း ၊ ဇူလိုင်လတွင်လည်း သရက်ထောင်တွင်ပုဒ်မ ၅၂ (က)/ ၅၁ဂ ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက်၃၉ နှစ်အရွယ် ကိုညီညီသည် သွေးတိုးရောဂါနှင့် ဇူလိုင်လ ၂၇ ရက်နေ့တွင် သေဆုံးခဲ့ရကြောင်း၊ အင်းစိန်ထောင်တွင်လည်း ပုဒ်မ ၅၀၅(က)/၅၂ က တို့ဖြင့် အကျဉ်းချခံထားရသည့် အသက် ၄၅ နှစ်အရွယ် ကိုနေလင်းထိုက်သည် အကျဉ်းထောင်တွင်း ဆေးကုသ စောင့် ရှောက်မှု လုံလောက်စွာမရရှိ၍ သေဆုံးခဲ့ရကြောင်း သိရှိရသည်။

ဩဂုတ်လအတွင်းတွင်လည်း သရက်အကျဉ်းထောင်တွင် ရဲစည်းကမ်းဖြင့် အဖမ်းခံထားရသည့် CDM ရဲဝန်ထမ်း ကိုမျိုးသူ ၏ ကျန်းမာရေးအရေးပေါ်ဖြစ်နေချိန် ဆရာဝန် အချိန်မီ မရောက်ရှိ၍ ဩဂုတ်လ ၂၈ ရက်နေ့တွင် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာလတွင်မူ သထုံထောင်တွင် အကျဉ်းကျခံခဲ့ရသည့် အသက် ၅၇ နှစ်အရွယ် ဦးသန့်ဇင်သည်လည်း ကျန်းမာ ရေးမကောင်းစဉ် ဆေးကုသခွင့် မရသည့် အတွက် ရင်ကြပ်ရောဂါဖြင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

လက်ရှိတွင် မြန်မာပြည်အကျဉ်းထောင်များသည် အရှေ့တန်းစစ်မြေပြင်သဖွယ် ခေါင်းစဉ်အမျိုးမျိုးနှင့် သတ်ဖြတ်ခံနေရပြီး ဆေးဝါးလုံလောက်မှုနှင့် ဆရာဝန်လုံလောက်မှုမရှိသည့် ထောင်ဆေးရုံများသည်လည်း နိုင်ငံရေးအကျဉ်း သားများ မသေဆုံးခင် ယာယီထားသည့် နေရာများအဖြစ်သာ ဆက်ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဓာတ်ပုံ – မြစ်ကြီးနားအကျဉ်းထောင်တွင်း ယခုနှစ် ဧပြီလ ၂၁ ရက်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြသည့် အကျဉ်းသားများ၏ နာရေး။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြစ်ကြီးနားအကျဉ်းထောင်တွင်း ယခုနှစ် ဧပြီလ ၂၁ ရက်နေ့ စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြသည့် အကျဉ်းသားများ၏ နာရေး။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article