28 C
Yangon

လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ်၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီး

Must read

လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ်၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ မယ်ဟန်သို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကွန်ပျူတာတက္ကသိုလ် ၏ အိပ်ဆောင်နှင့် နေအိမ်အများအပြားပျက်စီးကြောင်း MNDAA က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်မှ ၁၀ နာရီ ၃၅ မိနစ်အထိ စစ်ကောင်စီက လားရှိုးမြို့ မယ်ဟန်ကို ပြင်းထန်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း၊ မယ်ဟန် ကွန်ပျူတာတက္ကသိုလ် အနီးတဝိုက်တွင် ဗုံးများစွာ ကျရောက်ခဲ့ပြီး တက္ကသိုလ်၏ အိပ်ဆောင် အဆောက်အဦရှိ ပြတင်းပေါက် အများအပြားလည်း ကွဲအက်သွားကာ အနီးနားရှိ အိမ်အများအပြားလည်း တချိန်တည်း ထိခိုက်ပျက်စီးရကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထိတ်လန့်တကြားဖြစ်ခဲ့သော်လည်း ထိခိုက်သေဆုံးမှု မရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ကလည်း စစ်ကောင်စီက လားရှိုးမြို့ရှိ သမိုင်းဝင် ကွမ်ရင် တရုတ်ဘာသာရေးဘုံကျောင်းကို ဗုံးကျဲချခဲ့ရာ ယင်းဗုံးကျဲမှုသည် လူထုသတ်ဖြတ်ခြင်း အပြင် သမိုင်းဝင်နေရာများကို ပစ်မှတ်ထားခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက အမျိုးသားယဉ်ကျေးမှုကို နင်းချေခြင်းဖြစ်ပြီး အမျိုးသားယဉ်ကျေးမှုနှင့် ယုံကြည်ချက်များကို ချိုးနှိမ်စော်ကားကာ ကျူးလွန်ခြင်းဖြစ်ကြောင်း MNDAA က သတင်းထုတ်ပြန်ထားသည်။

ယခုနှစ် ဇူလိုင်လမှ စတင်၍ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်က လားရှိုးမြို့ အပါအဝင် စစ်ကင်းလွတ်ရာ အထူးဒေသ ၁ နယ်မြေများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု အကြိမ် ၂၀ ကျော် ပြုလုပ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများသည် လူနေရပ်ကွက်များကို အကြိမ်ကြိမ် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း၊ အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ စာသင်ကျောင်းများ၊ လမ်းများနှင့် အခြားအများပြည်သူပိုင်နေရာများအပြင် ကိုယ်ပိုင်အိမ်များ အများအပြား ပျက်စီးခဲ့ကြောင်း MNDAA က ပြောသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article