27.4 C
Yangon

ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို

Must read

ဂွမြို့နှင့် မိုင် ၃၀ ကျော်အကွာတွင်ရှိသည့် စစ်ကောင်စီ၏ ကုလားပြင်တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်ဟုဆို

ရန်ကုန်| အောက်တိုဘာ ၇

အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက် တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင် (ရတနာမြိုင်) ကျေးရွာသို့ တပ်ဆုတ်ခဲ့သည်။

AA က ကျိန္တလီမြို့မှတစ်ဆင့် တပ်ဆုတ်သွားသည့် ကုလားပြင်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ဆက်လိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကုလားပြင်တပ်စခန်းမှ ဂွမြို့ဘက်သို့ ပြန်လည် တပ်ဆုတ်သွားခြင်းဖြစ်သည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” ပြီးခဲ့တဲ့ ၃ ရက်လောက်က တပ်စခန်း ကုန်လားပြင် တပ်စခန်းကို AA က သိမ်းလိုက်ပြီလို့ သိရတယ်။ ထိုတနေ့က ကုလားပြင်တပ်စခန်းရှိရာကို AA က ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တယ် ပြောတယ်။ ရွာထဲမှာ ဒေသခံတွေက ရှိနေတုန်းပဲ။ စစ်ကောင်စီ လုပ်နေကျအတိုင်း လေယာဉ်နဲ့ ဗုံးလာကြဲမှာကို စိုးရိမ်နေကြပါတယ်။ ရွာသားအချို့တော့ ထွက်ပြေးနေရတယ်လို့ ပြောတယ်။ အတိအကျ ဖုန်းလိုင်းမရတော့ သိရဖို့ ခက်တယ်။ ” ဟု ပြောသည်။

တိုက်ပွဲများပြင်းထန်လာသောကြောင့် ဂွမြို့ပေါ်က ပြည်သူအများစုမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးလက်ဒေသရှိ ပြည်သူများမှာလည်း ဘေးကင်းလုံခြုံရာ နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” ဒုက္ခကတော့ ပြောမနေနဲ့တော့ ဧရာဝတီမှာ သွားရှောင်ရင်လည်း အုပ်ချုပ်ရေးမှူးတွေက ငွေညှစ်တယ်။ ဧည့်စာရင်း လက်မခံ

တာ၊ ငွေအများကြီးတောင်းတာ။ ဂွမြို့နယ်အတွင်း ဆန်သယ်ယူခွင့်မရတာ။ ဒီမှာက အကုန်လုံးက စိတ်တွေ ကယောင်ချောက်ရှား ဖြစ်နေကြတယ်။ ဂွထဲမှာနေရင်လည်း မလုံခြုံ၊ ဧရာဝတီဘက်သွားရင်လည်း မလုံခြုံ တော်တော်လေး အခက်အခဲဖြစ်နေကြတာ။ ဆန်လည်းမသွင်းရ၊ အခြေခံစားသောက်ကုန်တွေလည်း မသွင်းရ ဘာနဲ့စားပြီး ဘယ်လိုနေထိုင်ရမလဲ တော်တော်‌ လေးကို ဆိုးဆိုးဝါးဝါးပါပဲ။ ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် သီတင်းတစ်ပတ်ကျော်ကလည်း အာရက္ခတပ်တော် AA က ရခိုင်ပြည်အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ မြို့များကို အပြီးတိုင်သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ တပ်စခန်းများ တစ်ခုမကျန် ထိုးစစ် အရှိန်မြှင့်မည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက် ဂွ၊ မောင်တော၊ အမ်းဒေသတွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျှက်ရှိနေကြသည်။

အမ်းမြို့နယ် မဲတောင်တပ်စခန်းကို AA က စက်တင်ဘာလ ၂၆ ရက်နေ့ကစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အောက်တိုက်ဘာလ ၅ ရက်နေ့က အမ်းမြို့ထဲရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရှိရာ နပခ တပ်စခန်းများကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

လက်ရှိတိုက်ပွဲ ပြင်းထန်နေသော ဂွ၊ မောင်တော၊ အမ်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြသည်။

AA သိမ်းပိုက်ထားသော မြို့များမှာ ပလက်ဝအပါအဝင် ၁၁ မြို့ရှိပြီး ရခိုင်ပြည်တွင် သံတွဲ၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ ဘူးသီးတောင်နှင့် ရမ်းဗြဲမြို့တို့ဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်ထားသည့် AA တပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article