35 C
Yangon

ကလေးမြို့တွင် မြို့အဝင်အထွက် ကွင်းရှောင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး မြောင်းကြီးများတူးကာ ရှောင်ကွင်းလမ်းမှ သွားလာသူများအားလုံးကို လိုက်လံဖမ်းဆီး ငွေညှစ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြို့အဝင်အထွက် ကွင်းရှောင်လမ်းများကို စစ်တပ်က ဖျက်ဆီးပြီး မြောင်းကြီးများတူးကာ ရှောင်ကွင်းလမ်းမှ သွားလာသူများအားလုံးကို လိုက်လံဖမ်းဆီး ငွေညှစ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်တပ်က မြို့အဝင်အထွက်များတွင် စစ်ဆေးရေးဂိတ်များ တိုးချဲ့၍ စစ်ဆေးမှုများ အလွန်ကြမ်းတမ်းလာကြောင်း၊ ထို့ကြောင့် ပြည်သူများမှာ မြို့ကွင်းရှောင်လမ်းများမှ အဝင်အထွက်လုပ်ကြကြောင်း၊ သို့ရာတွင်စစ်တပ်က မြို့အဝင်အထွက် ကွင်းရှောင်လမ်းများကို မြေကော်စက်ဖြင့် ထိုးချေဖျက်ဆီးကာ မြောင်းကြီးများ တူးထားကြောင်း၊ ကားများ ဆိုင်ကယ်များသွားလာမရစေရန် လုပ်ဆောင်ပြီး ကွင်းရှောင်လမ်းမှ သွားလာသူ ပြည်သူများကိုလည်း လိုက်လံ ဖမ်းဆီးကြောင်း၊ ယင်းနောက် ငွေဖြင့် ပြန်လည်ရွေးခိုင်းကြောင်း သိရှီရသည်။

“မြို့အဝင်အထွက်ကတော့ တော်တော်ကိုကျပ်တယ်။ ကွင်းလမ်းတွေဖြစ်တဲ့ စက်မှုဇုန်တို့ ကျောက်ကူတို့ဘက်ကနေ စက္ကန့်ရွာဘက်တွေကို စစ်တပ်က ဘာလုပ်လဲဆိုတော့ မြောင်းကိုဖျက်ပြီးတော့ ချောင်းကြီးပုံစံဖြစ်အောင်လုပ်ပစ်တယ်။ကားတွေ ဆိုင်ကယ်တွေ သွားမရအောင်။ နောက်နေ့တွေမှာ အဲဒီကွင်းလမ်းတွေက သွားတဲ့သူ အကုန်ဖမ်းတယ်။ ပြန်လွတ်ချင်ရင် ပိုက်ဆံတောင်းတယ်။ မြို့ထဲကတော့ အရမ်းကျပ်တယ်။ မြို့ထဲမှာ ဆိုင်ကယ်စီး ယောင်္ကျားလေးတွေဆိုရင် ဖမ်းတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် ကလေးမြို့၊ ချမ်းမြေ့အောင် ရပ်ကွက်တွင် ဆိုင်ကယ်ကို အမျိုးသား ၂ ဦး စီးသည့် ညီအစ်ကို ၂ ဦးကိုလည်း စစ်တပ်က ဝင်ရောက်ဖမ်းဆီးသွားပြီး သိန်း ၁၀၀ တောင်းခံကြောင်း သိရှိရသည်။

“စစ်တပ်က ချမ်းမြေ့အောင်ရပ်ကွက် ညီအစ်ကို ၂ ဦးကိုဖမ်းတယ်။ ဆိုင်ကယ် ၂ ဦးစီးလို့ဆိုပြီး ဖမ်းတာ။ ဒါတောင် လမ်းမကြီးမှာ စီးတာမဟုတ်ဘူး။ ရပ်ကွက်လမ်းထဲမှာ စီးနေတာကို စစ်တပ်က လာဖမ်းတာ။ ပြီးတော့ သိန်း ၁၀၀ နဲ့ ပြန်ရွေးခိုင်းတယ်။ မြို့ထဲကတော့ စစ်တပ်နဲ့ ပျူစောထီးက စိုးမိုးထားတယ်။ စစ်ဆေးတာလည်း အရမ်းကြမ်းတယ်” ဟု ဒေသပြည်သူကရှင်းပြသည်။

အလားတူ စစ်တပ်က ကလေးမြို့ပြင်ပရှိ ကျေးရွာများမှ ပြည်သူများ မြို့ထဲသို့ အဝင်အထွက် မလုပ်နိုင်ရန် တားဆီးထားကြောင်း၊ အဓိကအားဖြင့် ကျေးရွာများမှာ လိုအပ်သော ရိက္ခာနှင့်ဆေးဝါးများကို ကလေးမြို့ထဲသို့ လာရောက် ဝယ်ယူမှုများ မရှိစေရန် တားဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

” မြို့ထဲကလူတွေလည်း မြို့ပြင်ကိုသွားလို့မရဘူး။ မြို့ပြင်ရွာဘက်ကလူတွေလည်း မြို့ထဲကိုလာလို့မရဘူး။ ကျန်းမာရေးမကောင်းတဲ့သူတွေဆေးစာအုပ်နဲ့ဆို မြို့ထဲကိုဝင်ခွင့်ပြုတယ်။ ဒါပေမယ့် ဆိုင်ကယ်တွေကို ဂိတ်မှာထားခဲ့ရတယ်” ဟု ကလေးမြို့ ဒေသခံအမျိုးသားတစ်ဦး က ပြောဆိုသည်။

စစ်ကောင်စီတပ်က ကလေးမြို့အနောက်ပိုင်းမှ မြို့နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းသို့ လမ်းများကိုလည်း တင်းတင်းကျပ်ကျပ်ပိတ်ဆို့ထားကြောင်း၊ ကလေးမြို့အနောက်ပိုင်းမှ မြို့ထဲသို့ ဝင်လို့ရသည့် လမ်းမှန်သမျှ စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်က ကလေးမြို့ကို အဝင်အထွက်ပိတ်ဆို့ထားသည့်အပြင် မြို့တွင်းတွင်လည်း ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း၊ အောက်တိုဘာ ၈ ရက်နေ့ ကလေးမြို့အနောက်ပိုင်း စက်မှုဇုန်တွင် အရပ်သား လူငယ် ၇ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ကလေးမြို့နယ်တွင် မြို့နယ်တောင်ပိုင်းကို တော်လှန်ရေးတပ်များက အဓိကနယ်မြေစိုးမိုးထားပြီး မြို့ကိုမူ စစ်ကောင်စီတပ်များက စိုးမိုးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ကလေးမြို့ ၉ မိုင် စစ်ဆေးရေးဂိတ်။(ပုံအဟောင်းဖြစ်ပါသည်။)

Photo Credit- Zalen ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ကလေးမြို့ ၉ မိုင် စစ်ဆေးရေးဂိတ်။(ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article